လူကုန်ကူးမှုနဲ့ ထိုင်းနိုင်ငံသား လေးယောက်ကို မလေးရှားတရားစွဲ
2023.06.23

လွန်ခဲ့တဲ့ ရှစ်နှစ်က ထိုင်း-မလေးရှားနယ်စပ်မှာ မလေးရှားအာဏာပိုင်တွေ တွေ့ရှိခဲ့တဲ့ လူ ရာနဲ့ချီ မြှုပ်နှံခံထားရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံသား လေးယောက်ကို ဇွန်လ ၂၃ ရက်နေ့က လူကုန်ကူးမှုနဲ့ မလေးရှားတရားရုံးမှာ တရားစွဲလိုက်ပါတယ်။
၂ဝ၁၅ ခုနှစ်က ထိုင်း-မလေးရှားနယ်စပ်မှာ ရိုဟင်ဂျာနဲ့ ဘင်္ဂလားဒေ့ရှ်က လူ ၁၃၉ ယောက် မြှုပ်နှံခံထားရတဲ့ နေရာကို မလေးရှား အာဏာပိုင်တွေ ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။
ကြွင်းကျန်တဲ့ရုပ်အလောင်းတွေကို စစ်ဆေးတွေ့ရှိချက်တွေအရ လူကုန်ကူးခံရပြီး သေဆုံးသွားသူတွေဟာ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေနဲ့ တချို့ကတော့ ဘင်္ဂလားဒေ့ရှ်ကဖြစ်တယ်လို့ RFA ရဲ့ ညီနောင်သတင်းဌာနဖြစ်တဲ့ Benar News က ဖော်ပြထားပါတယ်။
အဲဒီကိစ္စနဲ့ပတ်သက်ပြီး သံသယရှိသူ ကိုးယောက်ဟာ ထိုင်းနိုင်ငံသားတွေဖြစ်တယ်ဆိုတာ တွေ့ရှိခဲ့ပြီး အခုဒီလေးယောက်ကို ပထမဆုံးအဖြစ် ထိုင်းအစိုးရက မလေးရှားကို လွှဲပြောင်းပေးတာဖြစ်ပါတယ်။
ထိုင်းရဲချုပ် Surachate Hakparn က ဒီသံသယရှိသူ လေးယောက်ကို လွှဲပြောင်းပေးတာဟာ သမိုင်းဝင် တရားခံလွှဲပြောင်းရေးဖြစ်တယ်လို့ ဇွန် ၂၃ ရက်နေ့က ပြောပါတယ်။
“ဒီပူးပေါင်းဆောင်ရွက်မှုဟာ လူကုန်ကူးမှုပြဿနာကို အထူးအလေးအနက်ထား ဆောင်ရွက်နေတယ်ဆိုတာ ပြသတာဖြစ်တယ်”
သူတို့လေးယောက်ကို ဇွန် ၂၂ ရက်နေ့မှာ ထိုင်းအစိုးရက မလေးရှားကို လွှဲပြောင်းပေးလိုက်တာ ဖြစ်ပါတယ်။
၂ဝ၁၃ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အတွင်း လူကုန်ကူးမှုတွေအတွက် သူတို့လေးယောက်ကို မလေးရှားနိုင်ငံရဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေးဥပဒေနဲ့စွဲဆိုလိုက်တာဖြစ်ပြီး ပြစ်မှုထင်ရှားရင် အများဆုံး ထောင်ဒဏ် ၁၅နှစ်နဲ့ ငွေဒဏ်တွေ ချမှတ်ခံရမှာဖြစ်ပါတယ်။