လူကုန်ကူးခံရတဲ့ မြန်မာ ၈ ဦးကို ကယ်တင်
2017.08.13
ထိုင်းနိုင်ငံကို လူကုန်ကူးခံရသူ မြန်မာနိုင်ငံသား ၈ ဦးကို ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့က သြဂုတ်လ ၁၃ ရက်နေ့က ဘန်ကောက်မြို့အနီး အိမ်တစ်အိမ်ကနေ ကယ်ဆယ်နိုင်ခဲ့ပါတယ်။
သူတို့ကို လူပွဲစားတွေက သြဂုတ်လ ၉ ရက်နေ့မှာ ထိုင်းနိုင်ငံ ကချနဘူရီမြို့ကတဆင့် ဘန်ကောက်မြို့အနီးကို ကားနဲ့ခေါ်သွားခဲ့ပါတယ်။ အဲဒီမှာ တစ်ဦးကို ဘတ် ၅၀၀၀ ထပ်တောင်းတာကြောင့် အလိမ်ခံရတာကိုသိပြီး မြန်မာ သံရုံးက အလုပ်သမားအရာရှိ ဦးမိုးအောင်ခိုင်ထံကို ဆက်သွယ်ခဲ့ပါတယ်။ မြန်မာသံရုံးကတဆင့် ထိုင်းနိုင် ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ကို အကြောင်းကြားခဲ့တာဖြစ်ပါတယ်။
မနေ့က အဲဒီ မြန်မာနိုင်ငံသားတွေကို သွားရောက်ကယ်ဆယ်ခဲ့သူ ထိုင်းနိုင်ငံရောက် မြန်မာ နိုင်ငံသားများအဖွဲ့က ဦးစိုင်းအေးက အခုလို ပြောပြပါတယ်။
"အလုပ်သမားသံအရာရှိ ဦးမိုးအောင်ခိုင်ထံကို အကြောင်းကြားတယ်၊ ဦးမိုးအောင်ခိုင်ကနေပြီးတော့ ကျနော့်ဆီကို အကြောင်းကြားပေးတယ်၊ ဒီလိုမျိုးတော့ဖြစ်နေပြီ အချိန်နဲ့တပြေးညီ ကူညီပါဆိုပြီး ကျနော့်ကို လွှတ်လိုက်တာ အဲဒါ ကျနော်က ဟိုဘက်ကိုရောက်တော့ သူတို့ရဲ့အခြေအနေကိုကြည့် လိုက်တယ်၊ ကြည့်လိုက်တဲ့အခါကျတော့ ပေးမထွက်ဘူးပေါ့၊ တစ်ယောက်နှစ်ယောက် ထွက်လာမယ် ဆိုရင်တော့ရတယ်၊ တစ်ယောက်ကိုခေါ်ပြီးတော့ ကျနော်က ကားပေါ်တက်ထား တကယ်လို့သာ အခြေအနေမကောင်းဘူးဆိုရင် ကျနော်က ရဲစခန်းကို တိုက်ရိုက်အကြောင်းကြားမယ်ဆိုပြီး ကျနော့်ဘက်က ပြင်ဆင်ချက်တွေ အကုန်လုပ်ထားပြီးပြီ၊ သူတို့ဘက်က ဘာမှလှုပ်လှုပ်ရှားရှား သိပ်မရှိတဲ့အခါကျတော့ ကျနော်လည်း ပြဿနာဖြစ်စေတယ်၊ ကျနော်က ကိုယ့်လူမျိုးကို ပြန်ရချင်တယ်၊ အမြန်ပြန်ပို့ချင်တယ်၊ တကယ်လို့ ရဲတွေပါလာပြီဆိုလို့ရှိရင် အခုဒီနေ့ကတော့ ခေါ်လို့ရမှာ မဟုတ်သေးဘူး၊ ရဲစခန်းမှာပဲရှိဦးမှာ"
လူကုန်ကူးခံရသူတွေဟာ ရေသန့်ဘူးစက်ရုံမှာ အလုပ်ရမယ်ဆိုပြီး ရန်ကုန်ပွဲစားက တစ်ဦးကို ကျပ်ငွေ ၅သိန်းယူပြီး ထိုင်းနိုင်ငံကို ပို့လိုက်တာဖြစ်ပါတယ်။
သူတို့ဟာ ဧရာဝတီတိုင်း မြန်အောင်နဲ့ ကြံခင်းမြို့နယ်တွေကဖြစ်ပြီး၊ အသက်အကြီးဆုံး ၄၀ နှစ်နဲ့ အငယ်ဆုံး ၂၆ နှစ်အရွယ်ရှိကြတဲ့ အမျိုးသား ၇ ဦးနဲ့ အမျိုးသမီး ၁ ဦးတို့ဖြစ်ပါတယ်။
လူကုန်ကူးခံရသူ တစ်ဦးဖြစ်တဲ့ ကိုအောင်ကျော်မိုးကို ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းခဲ့ပါတယ်။