မြဝတီမှာ အင်ဒိုနီးရှားနိုင်ငံသား ၂ဝထက်မနည်း လူကုန်ကူးခံထားရ

RFA Burmese
2023.05.05
မြဝတီမှာ အင်ဒိုနီးရှားနိုင်ငံသား ၂ဝထက်မနည်း လူကုန်ကူးခံထားရ မြန်မာ-လာအို-ထိုင်း နယ်စပ်ရှိ ရွှေတြိဂံဒေသနှင့် ကရင်ပြည်နယ် မြဝတီမြို့နယ်တည်နေရာမြေပုံ။
RFA

ထိုင်း-မြန်မာနယ်စပ်ဖြစ်တဲ့ ကရင်ပြည်နယ် မြဝတီမြို့နယ်မှာ လူကုန်ကူးခံရပြီး ပိတ်လှောင်ခံနေရတဲ့ အင်ဒိုနီးရှားနိုင်ငံသား အယောက် ၂ဝ ကို ကယ်တင်ဖို့ အင်ဒိုနီးရှားအစိုးရက နေပြည်တော်၊ မြဝတီ နဲ့ ထိုင်းနိုင်ငံ အာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ အင်ဒိုနီးရှားအစိုးရ တာဝန်ရှိသူတစ်ဦးက AP သတင်းဌာနကို ပြောလိုက်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ မြန်မာစစ်တပ်တို့အကြား တိုက်ပွဲပြင်းထန်နေတဲ့ မြဝတီမြို့နယ်မှာ အင်ဒိုနီးရှားနိုင်ငံသား အယောက် ၂ဝ ထက်မနည်း လူကုန်ကူးခံရပြီး ပိတ်လှောင်ခံထားရတယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဌာန တာဝန်ရှိသူ Judha Nugraha က AP ကို ပြောလိုက်တာပါ။

“လက်နက်ကိုင်အဖွဲ့တွေ အဲဒီဒေသကို သိမ်းယူထားတာကြောင့် မြဝတီကို မြန်မာအာဏာပိုင်တွေ ဝင်ရောက်ဖို့ မြေပြင်မှာ စိန်ခေါ်မှုတွေ ရှိနေတယ်” လို့ သူက ပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံက အလုပ်အကိုင်ရှာဖွေနေသူတချို့ဟာ ထိုင်းနိုင်ငံမှာ လစာမြင့်မားတဲ့ အလုပ်အကိုင်ရမယ်လို့ အွန်လိုင်းကနေ ကမ်းလှမ်းခံရပြီး ကရင်ပြည်နယ် မြဝတီမြို့က အွန်လိုင်းငွေကြေးလိမ်လည်တဲ့လုပ်ငန်းတွေမှာ လုပ်ကိုင်ဖို့ လူကုန်ကူးခံခဲ့ရတာလို့ Judha Nugraha က ဆိုပါတယ်။

အင်ဒိုနီးရှားအလုပ်သမားသမဂ္ဂရဲ့ ပြောဆိုချက်တွေအရ လူကုန်ကူးခံရသူတွေဟာ အွန်လိုင်းကနေ ငွေကြေးလိမ်လည်ပေးရပြီး လိုချင်တဲ့ ငွေပမာဏရအောင် လိမ်လည်မပေးနိုင်ရင် နှိပ်စက်ညှဉ်းပန်းခံရတယ်လို့ AP က ဖော်ပြထားပါတယ်။ သူတို့ဟာ သွားလာစရိတ် ဒေါ်လာ တစ်သောင်းကျော် ပေးခဲ့ရတယ်လို့လည်း ဆိုပါတယ်။

အင်ဒိုနီးရှားအစိုးရဟာ မြန်မာအပြင် ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ လာအို၊ ဖိလစ်ပိုင်တို့မှာ လူကုန်ကူးခံရတဲ့ အင်ဒိုနီးရှားနိုင်ငံသားတွေကို ကူညီဖို့ ကြိုးစားနေပါတယ်။

ဒီနှစ် ၄၂ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးမှာ ဒီကိစ္စကို တင်ပြဖို့ ကြိုးစားနေတယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရက်နို မာဆူဒီက ပြောပါတယ်။

သုံးနှစ်အတွင်း အွန်လိုင်းကနေ လိမ်လည်ခံရပြီး လူကုန်ကူးခံရတဲ့ အင်ဒိုနီးရှားနိုင်ငံသား ၁၈၄၁ ယောက် ရှိတယ်လို့ ရက်နို မာဆူဒီက မေလ ၅ ရက်နေ့က ပြောထားပါတယ်။
 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။