ရွေးကောက်ပွဲ ဆန့်ကျင်ရေး သံဃာနှင့် ကျောင်းသားလှုပ်ရှားမှု စတင်

သံဃာ့အဖွဲ့အစည်းပေါင်းစုံ ကိုယ်စားပြု ရဟန်းတော်များနဲ့ ကျောင်းသား လူငယ် အပါအဝင် ပြည်သူလူထု တချို့ ပူးပေါင်းပါဝင်တဲ့ ရွေးကောက်ပွဲ ဆန့်ကျင်ရေး လှုပ်ရှားမှုတရပ်အဖြစ် လက်ကမ်းစာစောင်တွေကို ရန်ကုန် မြို့တွင်းရှိ မြို့နယ်တွေမှာ စက်တင်ဘာ ၃၀ ရက် ဒီကနေ့ ဖြန့်ဝေခဲ့တယ်လို့ ရွေးကောက်ပွဲ ဆန့်ကျင်ရေး လှုပ်ရှားမှု ကော်မတီ ပြောရေးဆိုခွင့် ရှိသူ ဦးသီလဝံသက RFA ကို အခုလို မိန့်ကြားပါတယ်။

2010.09.30

“ဆူးလေအဝိုင်းမှာ ဆိုလို့ရှိရင် ဟိုဖက်က ကားဂိတ်ပေါ့နော်၊ ဒီ မြို့တော်ခန်းမရှေ့က အဲဒီနေရာတွေမှာ ဦးဇင်းတို့ ဝေတယ်။ ကမ္ဘာအေးဘုရားရဲ့ အနီးပေါ့နော်၊ အဲဒီမှာဆိုလို့ရှိရင် ဒီ ဂမုန်းပွင့်ဆိုတာ ရှိတယ်။ အဲဒီနေရာလေးတွေမှာ ဦးဇင်းတို့က မြို့နေ တော်တော်များများကို ဝေတယ်။ နောက်ပြီးလို့ရှိရင် လှည်းတန်းမီးပွိုင့် အဲဒီနေရာတွေကို ဦဇင်းတို့က ဝေတယ်။ အခုဆိုလို့ရှိရင် ဦးဇင်းတို့ ဗိုလ်တထောင်မှာဆိုလို့ရှိရင် စာရွက် တထောင်ကျော်လောက်ကို ဦးဇင်းတို့ ဝေပြီးပြီ။ ဆူးလေမှာဆိုလို့ရှိရင် ဦးဇင်းတို့ အခုဟာ စာရွက် တထောင်ကျော်သွားပြီပေါ့နော်။ အားလုံးကတော့ စာရွက် ခုနစ်ထောင်ကျော်ကို ဦးဇင်းတို့က ဝေတယ်။

စာမျက်နှာ နှစ်မျက်နာပါ လက်ကမ်းစာစောင်မှာ ဖော်ပြပါရှိတဲ့ သရုပ်ဖော်ပုံ တွေ အကြောင်းကို ဦးသီလဝံသက အခုလိုရှင်းပြပါတယ်။

“အဲ စာရွက်က ဒကာကြီး၊ စာသားတွေ ရေးထားတာက အမဲနဲ့ အဖြူဖြစ်တယ်။ နောက်ပြီးတော့ ပုံတွေနဲ့ ပါတဲ့ စာသားတွေပါတဲ့ စာရွက်က ကာလာရောင် ဖြစ်တယ်။ စာရွက်ပေါ်မှာတော့ ပုံက ဒကာကြီး ဦးဇင်းတို့က အဲဒီ စာရွက်ကလေးမှာ ၂၀၁၀ ရွေးကောက်ပွဲ ဆိုပြီးတော့မှ အဲဒီ ရွေးကောက်ပွဲကို အလိုမရှိ ဆိုပြီးမှ ဒီ ကြက်ခြေခတ်ကလေးတွေ ပုံတွေလည်းပါတယ်။ နောက်ပြီးတော့မှ ဒီ ဒကာမကြီး ဒေါ်အောင်ဆန်းစုကြည် ထောင်ကနေ သံတိုင်ကလေးကို ကိုင်ပြီး မျှော်ကြည့်နေတဲ့ပုံ ပါတယ်။ နောက်ပြီးလို့ရှိရင် သံဃာတွေကို သတ်ပြီးတော့မှ ရေမျှောထားတဲ့ ပုံပါတယ်။ သံဃာတွေ ခေါင်းကွဲပြီး သွေးယိုစီးနေတဲ့ပုံ ပါတယ်။ နောက်ပြီးလို့ရှိရင် ဒီ အကျဉ်းသားတွေ ခြေကျင်းတွေနဲ့ ခတ်ပြီးတော့မှ ခေါင်းငုံ့ပြီးတော့မှ လုပ်ထားတဲ့ ပုံတွေ ပါတယ်။ အဲလို အဓိက အဓိက ပုံတွေပေါ့ ဒကာကြီး။”

သံဃာ့တပ်ပေါင်းစု၊ သံဃာ့ ကိုယ်စားပြု ကော်မတီ၊ သောတုဇနဘိက္ခူ၊ ရဟန်းပျို သံဃာ့ အဖွဲ့အစည်းပေါင်းစုံ ကိုယ်စားပြု ရဟန်းတော်များနဲ့ ပြည်သူလူထု တချို့ ပါဝင်တဲ့ ဒီလှုပ်ရှားမှုကို ဒီလ ၂၆ ရက်ကတည်းက အစပြုခဲ့တာလို့် သိရပါတယ်၊

“ဦးဇင်းတို့က ဒီ ၂၆ ရက်နေ့က စပြီးတော့မှ ဦးဇင်းတို့ ကံဆောင်ပြီးတဲ့အခါ ဦးဇင်းတို့ ဒီမှာ ပြည်တွင်းမှာ ရှိနေတဲ့ သံဃာ့ အဖွဲ့အစည်းတွေနဲ့ လူ့အဖွဲ့အစည်းတွေ အားလုံး ပေါင်းပြီးတော့မှ ဦးဇင်းတို့ ဒါတွေ လှုပ်ရှားတာ ဖြစ်တယ်။ နောက်ပြီးတော့ ဒီ ၂၆ ရက်နေ့က နေပြီးတော့ ဦးဇင်းတို့ မှေးမှေးမှေးမှေး လုပ်လာတာ ဒီနေ့ ၃၀ ရက်နေ့မှာကို ဦးဇင်းတို့က လုပ်တာဖြစ်တယ်။ ဦးဇင်းတို့ အကုန် ပေါင်းပြီးတော့ လုပ်ထားတယ်ဆိုတော့ ဘယ်အဖွဲ့အစည်းကိုမှ ခေါင်းစဉ်တပ်ထားတာတော့ သိပ်တော့ မရှိဘူး။ သို့ပေမဲ့လည်း သောတုဇန ဘိက္ခူပါတယ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျို သမဂ္ဂပါတယ်။ သံဃာ့ကိုယ်စားလှယ်ပါမယ်။ သံဃာ့တပ်ပေါင်းစု ပါတယ်။ အဲဒီလိုပေါ့နော်၊ ဒီ အဖွဲ့အစည်းတွေ အကုန်လုံးမှ ပေါင်းပြီးတော့ ဦးဇင်းတို့ လုပ်ထားတာ ဖြစ်တယ်။”

ရွေးကောက်ပွဲ ဆန့်ကျင်ရေး လှုပ်ရှားမှု ကော်မတီ ပြောရေးဆိုခွင့် ရှိသူ ဦးသီလဝံသ မိန့်ကြားသွားတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။