ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်သူမဲပေးခွင့် ရခိုင်အမျိုးသားပါတီ ကန့်ကွက်


2015.02.03
anp-meeting-305 ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ တော်ဝင်နှင်းဆီခန်းမမှာ ဇွန်လ ၂၈ ရက်နေ့က ရခိုင်အမျိုးသားပါတီဝင်တွေ တွေ့ဆုံပွဲ ကျင်းပစဉ်
Photo: Kyaw Lwin Oo/RFA

ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ဥပဒေကြမ်းမှာ ဝှိုက်ကဒ် လို့ခေါ်တဲ့ ယာယီသက်သေခံလက်မှတ် ကိုင်ဆောင် ထားသူတွေကို ဆန္ဒမဲပေးပိုင်ခွင့်ရှိကြောင်း ပြည်ထောင် စုလွှတ်တော်က ဆုံးဖြတ်လိုက်တာကို ရခိုင်အမျိုးသား ပါတီက ကန့်ကွက်လိုက်ပါတယ်။

ရခိုင်အမျိုးသားပါတီက ဒီနေ့ ကြေညာချက်တစ်စောင် ထုတ်ပြန်ပြီး ကန့်ကွက်လိုက်တာ ဖြစ်ပါတယ်။ အဲဒီ ဆုံးဖြတ်ချက်ဟာ အချုပ်အခြာအာဏာကို ထိခိုက်စေ တယ်လို့ ရခိုင်အမျိုးသားပါတီ ပြန်ကြားရေးအဖွဲ့ဝင် ဦးကျော်ဇောဦးက ပြောပါတယ်။

"မနေ့က ကျနော်တို့ လွှတ်တော်အမတ်တွေ က ပြင်းပြင်းထန်ထန် ကန့်ကွက်တယ်၊ ဒါပေမဲ့ မဲရှုံးတယ်၊ ဒီကိစ္စက အချုပ်အခြာအာဏာနဲ့ ပတ်သက်နေတဲ့ကိစ္စဖြစ်တယ်၊ ဒါကို လက်ရှိ လွှတ်တော်အသီးသီးက ဘယ်လိုပင်ဆုံးဖြတ်စေကာမူ ရခိုင်အမျိုးသားပါတီအနေနဲ့ အဖြူကဒ်ကိုင်ဆောင်တဲ့ ခိုးဝင်ဘင်္ဂါလီတွေ မဲပေးခွင့်မရဖို့နဲ့ ပတ်သက်လို့ မလျှော့စတမ်း ဆက်လက်တိုက်ပွဲဝင်သွားပါမယ်၊ နိုင်ငံသား ဟုတ်မှန်း မဟုတ်မှန်း မသေချာသေးဘူး၊ မစိစစ်ရသေးဘဲနဲ့ အဲ့လိုမဲပေးခွင့်ပေးတယ်ဆိုတာ နိုင်ငံရဲ့အချုပ်အခြာအာဏာနဲ့ သက်ဆိုင်တဲ့ ဆုံးဖြတ် ပိုင်ခွင့်နေရာမှာ နိုင်ငံသားမဟုတ်သူတွေကို ပါဝင်ဆုံးဖြတ်ခွင့်ပေးလိုက်တာ ဒါဟာနိုင်ငံအတွက် အကြီး အကျယ်ထိခိုက်နိုင်ပါတယ်" 

ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပချိန်မှာ အသက် ၁၈ နှစ်ပြည့်ပြီးတဲ့ နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူနဲ့ ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူတွေကို ဆန္ဒမဲပေးခွင့်ပြုပေးဖို့ နိုင်ငံတော်သမ္မတက ပြည်ထောင်စု လွှတ်တော်ထံ သဘောထားပေးပို့တာကို ပြည်ထောင်စုလွှတ်တော်က မနေ့က အတည်ပြုလိုက်တာ ဖြစ်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်တဲ့ဥပဒေမူကြမ်း အတည်ပြုပြဌာန်းဖို့အတွက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပဖို့ ဥပဒေမူကြမ်းတစ်ခုကို ဆွေးနွေးနေတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။