ထောင်တွင်းဖန်တီးမှု အနုပညာပြပွဲ ပြီးဆုံး
2012.03.15

မိမိနဲ့ တခြားနိုင်ငံရေး အကျဉ်းသားဟောင်းတွေ ထောင်ထဲနေရတဲ့ကာလတွေမှာ ရေးဆွဲခဲ့တဲ့ ပန်းချီကားတွေ၊ ချည်ထိုးပန်းချီအပါအဝင် အနုပညာလက်ရာတွေကို ဖော်ထုတ်ပြသခွင့်ရတဲ့အတွက် အတိုင်းမသိ ခံစားမိရပါတယ်လို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောပါတယ်။
“အထဲမှာကတည်းက ကျွန်တော်တို့ဆွဲတဲ့ပန်းချီကားတွေ လူတွေကို ပြချင်တဲ့စိတ်က အရူးတစ်ယောက်လို ခံစားရတယ်။ ဥပမာပေးရရင်တော့ ရုပ်ဆိုးမလေးက မှန်မရှိဘဲနဲ့ အလှပြင်ရသလိုပေါ့။ ကိုယ့်ကိုယ်ကိုယ်လည်း အကျည်းတန်တာ သိတယ်။ မှန်ကလည်း မရှိဘူး။ အလှတော့ ပြင်ရတယ်။ ဘယ်လိုပြောင်းလဲသွားတယ်ဆိုတာလည်း မသိနိုင်ဘူးပေါ့။ ဘေးက တစ်ယောက်ယောက်က ပြောပေးမှ သူ့ကိုယ်သူ ဘယ်လောက်လှသွားတယ် ဆိုတာမျိုးပေါ့။ အဲဒီလိုပဲ။ ကျွန်တော်တို့ ပန်းချီကား၊ ကျွန်တော်တို့ အနုပညာ၊ ကျွန်တော်တို့ သီချင်းကဗျာ ပန်းချီတွေလည်း ဒီလိုပဲဗျ။ ကိုယ့်ဟာကိုယ်ပဲ ရေး၊ ကိုယ့်ဟာကိုယ်ပဲ စပ်၊ ကိုယ့်ဟာကိုယ် ဆွဲ၊ ကိုယ့်ဟာကိုယ်ပဲ ခံစားနေရတော့ ပရိသတ်ကို တအားပြချင်တာလေ။ အခု ပရိသတ်ရဲ့တုံ့ပြန်မှုကို သိရတော့ ရုပ်ဆိုးမလေးကို မဆိုးပါဘူး၊ ပြေပြစ်သားပဲလို့ ပြောသလိုပဲ ခံစားရတာပေါ့”
နိုင်ငံရေး အကျဉ်းသားဟောင်းတွေရေးဆွဲတဲ့ ပန်းချီကားမူရင်းအတိုင်း ဗင်နိုင်းကင်းဗတ်စ်နဲ့ ပုံနှိပ်ပြီး တစ်ကားကို ကျပ် ၂ သောင်းနဲ့ ပန်းချီကား ၃၀ ကျော် ရောင်းခဲ့ရပြီး ကိုမင်းကိုနိုင်၊ ကိုပြုံးချို ၊ ကိုဌေးကြွယ်နဲ့ ကိုမြင့်ဝင်းမောင်တို့ ရေးဆွဲတဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံ ပန်းချီကားတွေ အများဆုံး ရောင်းရတယ်လို့ ဆိုပါတယ်။ ပန်းချီကားရေးဆွဲတဲ့ နိုင်ငံရေးအကျဉ်းသားများရဲ့ပုံတွေပါဝင်တဲ့ ပိတ်သားနဲ့ လုပ်ထားတဲ့ ပို့စ်ကဒ်တွေကိုလည်း ၂ ထောင်နဲ့ ရောင်းချကြောင်း သိရပါတယ်။
နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့က စီစဉ်တဲ့ ဒီပြပွဲကို မတ်လ ၉ ရက်က စတင် ကျင်းပခဲ့ပါတယ်။ ဒီနေ့ပွဲကို သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင် တက်ရောက်လာပြီး နိုင်ငံရေးအကျဉ်းသားဟောင်းတွေ၊ ပန်းချီ အနုပညာရှင်တွေ၊ တခြားစိတ်ဝင်စားသူတွေ နှစ်ရာနီးပါး လာရောက် အားပေး ကြည့်ရှုကြတယ်လို့ သိရပါတယ်။