၈၈ မျိုးဆက် ရှမ်းပြည်နယ် လူထုနဲ့ ချစ်ကြည်ရင်းနှီးစွာ တွေ့ဆုံဆွေးနွေး

ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ခရီးစဉ်အတွက် ရှမ်းပြည်နယ်ကို ရောက်ရှိနေတဲ့ ကိုမင်းကိုနိုင်နဲ့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ဟာ ဒီကနေ့ ရွှေညောင်၊ ညောင်ရွှေ၊ အင်းလေး ဒေသတွေကို သွားရောက်ပြီး ဒေသခံတွေ၊ တိုင်းရင်းသားပါတီ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

2012.05.04
88-inle-b305 ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ခရီးစဉ်အတွက် ရှမ်းပြည်နယ်ကို ရောက်ရှိနေတဲ့ ကိုမင်းကိုနိုင်နဲ့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ကို၂၀၁၂ ခုနှစ် မေလ ၄ ရက်နေ့က အင်းလေးကန်တွင် တွေ့ရစဉ်။
Courtesy of 88 Generation Students Group

အင်းလေးဒေသကို ရောက်ရှိလာတဲ့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ကို ဒေသခံတွေက အင်းလေးကန် တိမ်ကောလာတဲ့ အခြေအနေ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး စတာတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြပါတယ်။

အခုလို တွေ့ဆုံမှုတွေကနေ တိုင်းရင်းသား ပြည်သူတွေရဲ့ ချစ်ကြည်ရင်းနှီးမှုကို တွေ့မြင်ရတဲ့အတွက် ၈၈ မျိုးဆက် ကျောင်းသားများအနေနဲ့ အားရကျေနပ်မှု ဖြစ်ရကြောင်း ၈၈ မျိုးဆက် ခေါင်းဆောင် ကိုမြအေးက ပြောပါတယ်။

" အင်းဒေသကိုရောက်တယ်။ အင်းလေးအကြောင်းကိုသိရတယ်။ အင်းတိုင်းရင်းသားတွေနဲ့ ကျွန်တော်တို့ တွေ့ဆုံရတဲ့ အခြေအနေက ကျွန်တော်တို့ မသိသေးတာ၊ ကျွန်တော်တို့ မတွေ့သေးတာ၊ ကျွန်တော်တို့ မမြင်သေးတာ အင်းတိုင်းရင်းသား လူမျိုးတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုကြိုးစားရမလဲ ဆိုတဲ့ အချက်အလက် စဉ်းစားဖို့အတွက် ကျွန်တော်တို့မှာ အများကြီးပဲ အချက်တွေ သိကြားလာခဲ့ပါတယ်။ နောက်တခါ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ အဓိကက တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးမှု တည်ဆောက်နိုင်ခဲ့တယ်။ ယုံကြည်မှု တစုံတရာ တည်ဆောက်နိုင်ခဲ့တယ်"

၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ဟာ အင်း အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းဆွေနဲ့လည်း တွေ့ဆုံခဲ့ပြီး အင်းလေးဒေသရဲ့အခြေအနေတွေ၊ ဒေသခံတွေရဲ့ အခက်အခဲတွေအကြောင်း ဆွေးနွေးခဲ့ပါတယ်။ အင်းလေးဒေသအရေးအတွက် အင်း အမျိုးသားပါတီက လွှတ်တော်တွင်း တင်ပြခဲ့တဲ့အကြောင်းတွေလည်း ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

အဲဒီနောက် ၈၈ မျိုးဆက် ကျောင်းသားတွေဟာ လွတ်လပ်ရေးကာလက ကျဆုံးသွားခဲ့သူ အာဇာနည် ခေါင်းဆောင်ကြီးတွေနဲ့ ဒီမိုကရေစီရေးအတွက် ကျဆုံးခဲ့တဲ့ ရဟန်းရှင်လူ ပြည်သူတွေကို ရည်စူးပြီး ဆုတောင်းပွဲ ကျင်းပခဲ့ပါတယ်။

သူတို့အဖွဲ့ဟာ ဒီကနေ့ မနက်ပိုင်းကလည်း ညောင်ရွှေမြို့ကို သွားရောက်ခဲ့ရာမှာ ဒေသခံတွေက မြို့လုံးကျွတ် ကြိုဆိုခဲ့ကြပြီး ကိုမင်းကိုနိုင်က နှုတ်ဆက်စကား ပြောကြားခဲ့ပါတယ်။

၈၈ မျိုးဆက် ကျောင်းသားတွေဟာ ညနေပိုင်းမှာ ညောင်ရွှေမြို့ကို ပြန်လာပြီး လူထုနဲ့ ဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရပါတယ်။ ရှမ်းပြည်နယ် အင်းလေးဒေသခံ တိုင်းရင်းသားတွေရဲ့ လက်ရှိစီးပွားရေး၊ နိုင်ငံရေးအခြေအနေနဲ့ ပတ်သက်လို့ အဲဒီ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က ကိုမြအေးကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။