၈၈ မျိုးဆက်နဲ့ မျိုးဆက်သစ်လူငယ်များ အစည်းအရုံး တွေ့ဆုံဆွေးနွေး

ပြည်တွင်းငြိမ်းချမ်းရေးမှာ မျိုးဆက်သစ်လူငယ်တွေ ပူးပေါင်းပါဝင်ရေးနဲ့ ပတ်သက်ပြီး ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေနဲ့ မျိုးဆက်သစ်လူငယ်များ အစည်းအရုံး Generation Wave အဖွဲ့က လူငယ်တွေ ဒီကနေ့ တွေ့ဆုံဆွေးနွေးကြကြောင်း သိရပါတယ်။

2012.05.11
88-generation-wave-b305 ၂၀၁၂ ခုနှစ် မေလ ၁၁ ရက်က ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များနှင့် မျိုးဆက်သစ်လူငယ်များ အစည်းအရုံး Generation Wave လူငယ်များ ဆွေးနွေးနေကြစဉ်။
Photo courtesy of Generation Wave

ဒီမိုကရေစီနိုင်ငံတော် ထူထောင်ရေးမှာ မျိုးဆက်သစ်လူငယ်တွေရဲ့ အခန်းကဏ္ဍက အရေးပါတဲ့အတွက် အခုလို ဆွေးနွေးကြတာ ဖြစ်တယ်လို့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်က အခုလို ပြောပါတယ်။

" ဒီကနေ့ နိုင်ငံရေးမှာ ဖြစ်နေတဲ့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ အလုပ်တွေကို ပူးပေါင်းပြီးလုပ်ကြဖို့ အနာဂတ်မှာ မျိုးဆက်အသစ်တွေကို ကျွန်တော်တို့ မျှော်လင့်အားထားတယ်။ ဘာကြောင့်လည်းဆိုတော့ ကျွန်တော်တို့ မျိုးဆက်တွေဟာ အကျဉ်းထောင် တွေထဲမှာ အင်မတန်မှ ပင်ပန်းခဲ့ကြပြီးပြီ။ နောက်ပြီးတော့ ဖြည့်ဆည်းမှုပေါ့ဗျာ။ စွမ်းရည်နဲ့ပတ်သက်ပြီး ကျွန်တော်တို့ကို ကျွန်တော်တို့ သံသယရှိတယ်။ နောက်မျိုးဆက်တွေက အပြင်မှာ စွမ်းရည်ဖြည့်ခွင့်လည်း ရတယ်။ ဆက်လည်း ရနေကြအုံးမယ်။ အဲဒီတော့ တကဲ့တကယ် တည်ဆောက်ရေးဆိုတဲ့ ကာလသက်သက် ရောက်ပြီဆိုရင် သူတို့မျိုးဆက်ကို တည်ဆောက်ရေး ကောင်းသမားတွေနဲ့ပဲ ကျွန်တော်တို့ လက်လွဲချင်တယ်။ သူတို့ကို ရှေ့တန်းတင်ချင်တယ်။ အခုခက်နေတာက ကျွန်တော်တို့က ရုန်းကန်ရတဲ့ အပိုင်းက မပြီးလောက်သေးဘူးဗျ။ ပြောရရင်တော့ အသွင်ကူးပြောင်းရေးကာလ ဖြစ်နေတယ်။ အဲတာကြောင့် ကြားမှာ ပေါင်းပြီးတော့ လုပ်ရမယ်။ အဲဒီကနေပြီးတော့ တည်ဆောက်ရေးကာလကို စိတ်ချရပြီဆိုရင်တော့ ကျွန်တော်တို့ နောက်မျိုးဆက်တွေကို အားကိုးတကြီးနဲ့ လက်လွှဲရမှာ ဖြစ်တယ်။ အဲဒီအထဲမှာ အခု Generation Wave ဆိုတဲ့ မျိုးဆက်လှိုင်းတွေကိုလည်း ထည့်ပြီးတော့ ရှေ့တန်းက ထားပြီးတော့ စဉ်းစားတယ်ပေါ့ဗျာ"

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်၊ ကိုအောင်သူတို့နဲ့ Generation Wave အဖွဲ့ဝင်တွေရဲ့ ဒီတွေ့ဆုံပွဲမှာ လက်ရှိမြန်မာ့နိုင်ငံရေး အခြေအနေတွေအပေါ် မျိုးဆက်သစ်လူငယ်တွေနဲ့ ပူးပေါင်းလုပ်ဆောင်ရေးတွေကို ဆွေးနွေး သဘောတူညီခဲ့ကြတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။