မြေယာ အဓမ္မသိမ်းယူမှုကိစ္စ နိုင်ငံတော်သမ္မတကြီးထံ ၈၈ မျိုးဆက် တင်ပြ
2012.04.27

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ လေးထောင့်ကန်ရပ်ကွက်၊ ရွှေနံ့သာကျေးရွာက လယ်မြေတွေကို စက်မှုဇုန် စီမံကိန်းအတွက် ရွှေဟိန်းထက်ကုမ္ပဏီက မတရားသိမ်းယူနေတဲ့ ကိစ္စနဲ့ပတ်သက်ပြီး အခုလို ပန်ကြားရတာဖြစ်ကြောင်း လယ်သမားတွေအရေး သွားရောက်ကူညီခဲ့တဲ့ ၈၈ မျိုးဆက်ကျောင်းသား ကိုဘသက်အောင်က ပြောပါတယ်။
ဒီလယ်ယာမြေတွေထဲမှာ နှစ်ပေါင်းများစွာ တည်ရှိလာခဲ့တဲ့ ဓမ္မာရုံ အဆောက်အဦးလည်း ပါဝင်နေတဲ့အတွက် လယ်သမားတွေက ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ကို မနေ့က အကူအညီ လာရောက်တောင်းခံခဲ့ကြောင်း သိရပါတယ်။
လယ်မြေပိုင်ရှင်တွေက ဂရန်လျှောက်ထားခဲ့ပေမဲ့ ချမပေးဘဲ ရွှေဟိန်းထက်ကုမ္ပဏီက အာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး ဒီလယ်မြေတွေအတွက် ဂရန်စာချုပ် ရယူကာ သိမ်းယူနေတာ ဖြစ်ကြောင်းလည်း သိရပါတယ်။
လယ်ယာမြေ အသိမ်းခံရတဲ့ လယ်သမားတွေအနေနဲ့ အခုလို မတရား မြေယာသိမ်းဆည်းမှုကို နိုင်ငံတော်သမ္မတအထိ အဆင့်ဆင့် တိုင်ကြားထားပေမဲ့ ကုမ္ပဏီက ခြံစည်းရိုးခတ် အဓမ္မသိမ်းယူနေတာ ဖြစ်ကြောင်း သိရပါတယ်။