ရိုဟင်ဂျာ၊ ဘင်္ဂါလီ အမည်ခေါ်ဝေါ် မှုအပေါ် လက်ခံနိုင်မယ့် အဖြေ မြန်မာရှာဖွေနေ
2016.05.22

ရိုဟင်ဂျာ၊ ဘဂါၤလီ အမည်ခေါ်ဝေါ်သုံးစွဲမှုနဲ့ ပတ်သက်ပြီး အစိုးရအနေနဲ့ အကောင်းဆုံး ဖြစ်နိုင်မယ့် အဖြေကို ရှာဖွေနေကြောင်းနဲ့ အဲ့ဒီအဖြေဟာ လူ့အဖွဲ့အစည်း ၂ ခုစလုံးက လက်ခံနိုင်လောက်မယ့် အဖြေမျိုးဖြစ်ဖို့ ကြိုးစားနေကြောင်း နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ပြောပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry နဲ့ နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးရုံးမှာ ကျင်းပတဲ့ ပူးတွဲသတင်း စာရှင်းလင်းပွဲမှာ RFA က ရိုဟင်ဂျာကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန်သတင်းစာတွေက ဝေဖန်ရေးသားနေတဲ့ အပေါ် မှတ်ချက်ပြုပေးဖို့ မေးမြန်းရာမှာ ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့တာ ဖြစ်ပါတယ်။
"ဒီကိစ္စနဲ့ ပတ်သက်ပြီး အဖြေရဖို့ ကျွန်မတို့ ကြိုးစားနေပါတယ်။ ကျွန်မတို့ရဲ့ မိတ်ဆွေတွေကို ပန်ကြားလို တာက ဒီကိစ္စနဲ့ပတ်သက်ပြီး အဖြေရှာနိုင်ဖို့ အကူအညီပေးတာမျိုးသာ ဖြစ်စေလိုပါတယ်၊ ကျွန်မတို့အနေနဲ့ ဘယ်လူ့အဖွဲ့အစည်းတစ်ခုခုကိုမှ ထိခိုက်နစ်နာစေလိုတာ မဟုတ်ပါဘူး၊ လူ့အဖွဲ့အစည်း ၂ ခုက လက်ခံနိုင် ပြီး ရှေ့ဆက်လျှောက်လှမ်းနိုင်မယ့် အဖြေမျိုးကို ရှာဖွေရမှာ ဖြစ်ပါတယ်၊ ဒါဟာ အင်မတန်ခက်ခဲလွန်းတယ် ဆိုတာကို ကျွန်မတို့ သိပါတယ်၊ သဘောရိုးနဲ့ ပြောဆိုနေကြသူတွေ အနေနဲ့ ကျွန်မတို့နဲ့ ပူးပေါင်းဆောင်ရွက်ချင်စိတ်မရှိဘူးဆိုရင် အဖြေရှာနိုင်ဖို့ ပိုပြီးအခက်အခဲ ရှိလာမှာဖြစ်ကြောင်း ၊ အဲ့ဒီလိုခက်ခဲတယ်ဆိုလို့ ဒီကိစ္စကနေ သွေဖီသွားမှာ မဟုတ်ကြောင်း" ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ တာ ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry က ဒေါ်အောင်ဆန်းစုကြည် ရှင်းပြတဲ့ အချက်တွေဟာ မြန်မာနိုင်ငံ အတွက် အရေးကြီးကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ စိန်ခေါ်မှုအခက်အခဲကို ရင်ဆိုင်ပြီး သတ္တိရှိရှိ ဖြေဆို သွားတာဖြစ်ကြောင်း ထောက်ခံပြောပါတယ်။
Mr. Kerry က အမေရိကန်အစိုးရအနေနဲ့ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုအတွက်ကိုသာ အကူအညီပေး လိုတာဖြစ်ပြီး ပြဿနာတွေ ပိုကြီးထွားစေမှာကို မလိုလားကြောင်းလည်းပြောပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟာ ဒီကနေ့ မနက်က နေပြည်တော်ကို ရောက်ရှိပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ သီးသန့်တွေ့ဆုံဆွေးနွေးခဲ့သလို ညနေပိုင်းမှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ Mr. Kerry ဟာ ဒီကနေ့ ညနေပိုင်းမှာ နေပြည်တော်ကနေ ဗီယက်နမ်နိုင်ငံကို ထွက်ခွာသွားပါတယ်။
မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry တို့ရဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲနဲ့ ပတ်သက်ပြီး RFA အဖွဲ့သား ဦးဝင်းနိုင်က ကောက်နှုတ်တင်ပြထားပါတယ်။