မန္တလေး တာဘောင်ကျိုးမှု စုံစမ်းစစ်ဆေးဖို့ ကော်မတီဖွဲ့ထားကြောင်း ဝန်ကြီးချုပ် ပြော

မန္တလေးမြို့ပတ် ကမ်းနားလမ်းက ရွှေဂဲရေဆိုးထုတ်စက်ရုံအနီး ဧရာဝတီမြစ်တာဘောင် ကျိုးပေါက်ခဲ့တဲ့ကိစ္စကို စုံစမ်းစစ်ဆေးဖို့အပါအဝင် ရေဘေးဒုက္ခသည်တွေကို ပြန်လည်နေရာချထားဖို့အတွက် ကော်မတီဖွဲ့ထားကြောင်း မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။
နေပြည်တော်မှာ မနေ့က ကျင်းပတဲ့ NLD ပါတီ ဗဟိုအလုပ်အမှူဆောင်အဖွဲ့ အစည်းအဝေးအပြီးမှာ ဒေါက်တာဇော်မြင့်မောင်က သတင်းမီဒီယာတွေကို ပြောခဲ့တာပါ။
"ဘာကြောင့်ပေါက်သလဲဆိုတာ မေးထားတယ်။ ဒါကိုလုပ်တဲ့အခါ ကော်မတီဖွဲ့ထားတယ်။ တာရိုးကျိုးပေါက်မှု ပြုပြင်ထိန်းသိမ်းဖို့၊ ရေဘေးသင့်နေတဲ့သူတွေကို ပြန်လည်နေရာချထားရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ လုံခြုံရေး ဆိုပြီး ဖွဲ့ထားတယ်။ ဒါပေမဲ့ သဘာဝဘေးတစ်ခုဖြစ်ပြီဆိုရင်တော့ ဘာကြောင့်ဖြစ်သလဲဆိုတာကိုတော့ စုံစမ်းတာတွေရှိပါတယ်"
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးကလည်း ရွှေဂဲရေဆိုးထုတ်စက်ရုံအနီး ဧရာဝတီမြစ်တာဘောင် ကျိုးခဲ့တာနဲ့ ပတ်သက်လို့ လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်သွားမယ်လို့ တာဘောင်ကျိုးခဲ့တဲ့နေရာကို လာရောက်ချိန်မှာ သတင်းမီဒီယာတွေကို ပြောပါတယ်။
“သဘာဝဘေးဆိုတာ ကြိုတင်သိပြီးတော့ ကာကွယ်လို့ရတာရှိတယ်။ ကြိုတင်ကာကွယ်လို့ မရတာရှိတယ်။ ဒါပေမဲ့ လူလုပ်တဲ့ဘေးထဲမှာပဲ လူလုပ်လိုက်ရင် ကောင်းတဲ့ဟာလုပ်နေပေမယ့် ရုတ်တရက် အဆင်မပြေ တာဖြစ်ပြီးတော့ ဒီလိုမျိုး မမျှော်မှန်းနိုင်တဲ့ ကိစ္စတွေရှိတယ်။ မမျှော်မှန်းနိုင်တဲ့ ကိစ္စတွေထဲမှာလည်း ကြိုတင်လို့ မမျှော်မှန်းနိုင်ဘူးဆိုတဲ့အထဲမှာ ထည့်ရမယ်။ ဒါကြောင့်မို့ ဘယ်အရာမဆို ကြိုတင်စီစဉ်ထား တာတော့ ကောင်းတယ်။ မမျှော်မှန်းနိုင်ဘဲ ဖြစ်နိုင်တယ်ဆိုတာလည်း အမြဲတမ်းစဉ်းစားရမယ်။ ဒါကြောင့် အဲဒီပုံစံနဲ့ပဲသွားတယ်၊ အရေးယူဖို့ဆိုတာက လူမှုဝန်ထမ်းဦးစီးဌာနတစ်ခုတည်းရဲ့ လုပ်ငန်းမဟုတ်ဘူး။ အားလုံးက ပူးပေါင်းဆောင်ရွက်ရမှာမို့ အဆင်ပြေသွားမှာပါ။ အဆင်ပြေမယ်ဆိုတာက လုပ်သင့်လုပ်ထိုက် တာတွေ အကုန်လုံးလုပ်သွားမှာပါ“
ရွှေဂဲရေဆိုးထုတ်စက်ရုံ စီမံကိန်းကို တရုတ်ကုမ္ပဏီတစ်ခုက တာဝန်ယူတည်ဆောက်တာဖြစ်ပြီး အာရှဖွံ့ဖြိုး ရေးဘဏ် (ADB) က ချေးငွေနဲ့ ၂၀၁၈ ခုနှစ်က စတင်တည်ဆောက်တာပါ။
အဲဒီစက်ရုံအနီးက တာဘောင်ဟာ အခုလ ၁၉ ရက်နေ့ညက ကျိုးပေါက်ခဲ့ပြီး ၂၀ ရက်နေ့ ညနေမှာ ကျိုးသွားတဲ့ တာဘောင်ကို ပြန်ပိတ်နိုင်ခဲ့ပါတယ်။
လတ်တလောမှာတော့ တာဘောင်ကျိုးတာကို ပိတ်ဆို့နိုင်ပြီဖြစ်ကာ ရေဝင်ရောက်နေတာကို တားမြစ်နိုင်ပြီလို့ ဆိုပါတယ်။
နေအိမ်တွေ၊ လူနေရပ်ကွက်တွေထဲမှာ ဝင်ရောက်နေတဲ့ရေတွေကို ရေစုပ်စက်ကြီးတွေနဲ့ စုပ်ထုတ်နေပြီး ရက်တိုတိုနဲ့ စုပ်ထုတ်နိုင်ဖို့အတွက် ကျပ်သိန်း ၂၅၀ တန် ရေစုပ်စက်တွေကို ထပ်မံပေးပို့သွားမယ်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။
ရွှေဂဲရေဆိုးစက်ရုံကို ကိုရိုနာဗိုင်းရပ်စ် အန္တရာယ် ရင်ဆိုင်နေရတဲ့ကာလဖြစ်နေတဲ့အတွက် ကုမ္ပဏီက ပြီးစီးအောင် မလုပ်နိုင်ခဲ့တာဖြစ်ပြီး ဒီကိစ္စနဲ့ပတ်သက်ပြီး မြို့တော်ဝန်နဲ့ တရုတ်ကုမ္ပဏီ တာဝန်ရှိသူတွေ ဆွေးနွေးရာမှာ လိုအပ်တဲ့ တာဝန်ယူရမယ့် ကိစ္စတွေကို တာဝန်ယူသွားမယ်လို့ ပြောသွားကြောင်း မန္တလေးမြို့တော် စည်ပင် သာယာရေးကော်မတီက ကော်မတီဝင် ဦးကျော်ရင်မြင့်က ပြောပါတယ်။
တာရိုးကျိုးပေါက်ပြီး လူနေအိမ်တွေ၊ ရက်ကွက်တွေထဲကို ဧရာဝတီမြစ်ရေ ဝင်ရောက်တာမြန်ဆန်၊ များပြားခဲ့ တာကြောင့် လူဦးရေ ၁၂၀၀၀ ကျော် ရေဘေးဒုက္ခခံစားနေရတယ်လို့ အမရပူရမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက သိရပါတယ်။
မန္တလေးမြို့ရဲ့ ဧရာဝတီမြစ်ရေ စိုးရိမ်ရေအမှတ်က ၁၂၆၀ စင်တီမီတာဖြစ်ပြီး ဒီကနေ့ညနေမှာတော့ ၁၁၉၃ စင်တီမီတာကို ရောက်ရှိနေတာမို့ စိုးရိမ်ရေအမှတ်ကိုရောက်ဖို့ ၆၇ စင်တီမီတာပဲ လိုပါတော့ကြောင်း မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။