အမာမြို့မှာ ရိုဟင်ဂျာ စက်လှေတစ်စင်း နစ်မြုပ်ပြီး ၂၀ ခန့် ပျောက်ဆုံးနေ

2022.11.01
အမာမြို့မှာ ရိုဟင်ဂျာ စက်လှေတစ်စင်း နစ်မြုပ်ပြီး ၂၀ ခန့် ပျောက်ဆုံးနေ ဘိုကလေး ရဲစခန်းတွင် ဖမ်းဆီးခံထားရသည့် ရိုဟင်ဂျာများအား တွေ့ရစဉ်။
Photo: Citizen Journalist

ဧရာဝတီတိုင်း၊ ဖျာပုံခရိုင် အမာမြို့နယ်ခွဲ ကတုံးလေးရွာအနီးမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၃၀ ရက်နေ့က ရိုဟင်ဂျာ ၈၀ ကျော်လိုက်ပါလာတဲ့ စက်လှေတစ်စင်း နစ်မြုပ်ခဲ့ပြီး ၂၀ ဦးခန့် ပျောက်ဆုံးနေတယ်လို့ ဖျာပုံဒေသခံတွေက RFA ကို အောက်တိုဘာ ၃၁ ရက် မနေ့ညပိုင်း က ပြောပါတယ်။

အဲဒီစက်လှေဟာ အဲဒီကတုံးလေးရွာအနီးမှာ သောင်တင်ပြီး နစ်မြုပ်သွားတာကြောင့် လှေပေါ်ပါလာသူ ၆၀ ခန့်ကိုပဲ ကယ်တင်နိုင်ခဲ့ပြီး ကျန်တာတွေ ပျောက်ဆုံးနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဖျာပုံဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“လူ ၆၀ လောက်ပဲ ကယ်နိုင်တယ်။ ကျန်တဲ့ ၂၀ က ရေထဲမျောသွားတဲ့သဘောပဲ။ အကုန်လုံး ၈၀ ကျော်လောက် ပါတယ်ပြောတယ်။ ကတုံးလေးကျေးရွာကနေ ကဒုံကနိ အဲဒီကနေ ဘိုကလေးရဲစခန်းကို ပို့လိုက်ပြီ”

သူတို့တွေက ရခိုင်ပြည်နယ် ဒါမှမဟုတ် ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေကနေ လာတာ လားဆိုတာ မသိရသေးပေမယ့် မလေးရှားနိုင်ငံကိုသွားဖို့ အခုလို စက်လှေနဲ့လာကြတာလို့ သူက ဆက်ပြောပါတယ်။

လက်ရှိ အသက်ရှင် ကယ်ဆယ်နိုင်ခဲ့တဲ့ အမျိုးသား ၅၄ ဦးနဲ့ အမျိုးသမီးခြောက်ဦး စုစုပေါင်း ၆၀ ဦးထဲမှာ အသက် ၁၈ နှစ်အောက် ရိုဟင်ဂျာကလေး ၄၅ ဦးနဲ့ အသက် ၁၈ နှစ်အထက် ရိုဟင်ဂျာ ၁၅ ဦးပါဝင်တယ်လို့ ဒေသခံက ပြောပါတယ်။

လက်ရှိမှာတော့ သူတို့ကို ဘိုကလေး မြို့မရဲစခန်းမှာ ထိန်းသိမ်းထားပြီး အရေးယူမယ်၊ မယူဘူးဆိုတာ တိတိကျကျ မသိရသေးဘူးလို့ ဘိုကလေးမြို့ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ အသေးစိတ်အခြေအနေသိရဖို့ စစ်ကောင်စီပြောခွင့်ရ ဧရာဝတီတိုင်း လူမှုရေးရာဝန်ကြီး ဦးမောင်မောင်သန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေ မယ့် လက်ခံဖြေကြားတာ မရှိသေးပါဘူး။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၂ ရက်နေ့ကလည်း မအူပင်မြို့နယ်၊ အောက်ထုံးရွာအနီး တိုးမြစ်အတွင်းမှာ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးအပါအဝင် ရိုဟင်ဂျာ ၅၄ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။  

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။