ရခိုင်ပြည်လွတ်မြောက်ရေးပါတီ သတင်းစာရှင်းလင်းပွဲ ပြုလုပ်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ မြန်မာအစိုးရ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဦးအောင်သောင်းနဲ့ ဧပြီလမှာ တွေ့ဆုံဆွေးနွေးဖို့ ကိစ္စနဲ့ပတ်သက်ပြီး ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ALP ရဲ့ဒု-ဥက္ကဌ ဦးခိုင်စိုးနိုင်အောင်က ထိုင်း-မြန်မာနယ်စပ် တစ်နေရာမှာ ဒီကနေ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

2012.03.26
arakan_map_sittwe_buthidaung_305_z.jpg ရခိုင်ပြည်နယ်၊ စစ်တွေ၊ ဘူးသီးတောင်၊ မောင်တော တည်နေရာပြ မြေပုံ။ (RFA Illustration)
(RFA Illustration)

ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်ဖြစ်သူ ဦးခိုင်စိုးနိုင်အောင်က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရတာနဲ့ ပတ်သက်လို့ အခုလို ပြောပါတယ်။

"မီဒီယာကို ကြိုပြီး ပြောရတဲ့အကြောင်းက တစ်အချက် ကျွန်တော်တို့ လုံခြုံရေး၊ နှစ်အချက် တကယ် ငြိမ်းချမ်းရေးအတွက် ဆွေးနွေးဖို့အတွက် စတင်နေပါတယ် ဆိုတာကို ပြည်တွင်းပြည်ပကို အသိပေးတာပါ။ အဲဒီရည်ရွယ်ချက်တွေနဲ့ လုပ်တာဖြစ်ပါတယ်"

ပြည်နယ်အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ပထမအကြိမ်အဖြစ် မြန်မာအစိုးရဘက်က ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့ခေါင်းဆောင် ဦးအောင်သောင်းနဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ကိုယ်စားလှယ်တွေ ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ဆွေးနွေးမှာဖြစ်ပါတယ်။

အဲဒီဆွေးနွေးပွဲကို ALP ဘက်က ငြိမ်းချမ်းရေးကိုယ်စားလှယ် (၁၀) ဦးနဲ့ ရုံးအဖွဲ့ဝင် (၁၁) ဦး လိုက်ပါမယ်လို့ သိရပါတယ်။ ALP ပါတီဘက်က ဆွေးနွေးမယ့် အချက်တွေနဲ့ ပတ်သက်လို့ ဦးခိုင်စိုးနိုင်အောင်က အခုလို ဆက်ပြောပါတယ်။

"ဧပြီလ ၄ရက်နဲ့ ၅ ရက်နေ့မှာ အေအဲလ်ပီ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ ဦးအောင်သောင်း ခေါင်းဆောင်တဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ဆွေးနွေးမှာဖြစ်ပါတယ်။ ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်မှာဖြစ်ပါတယ်။ တစ်အချက်ကတော့ အပစ်အခတ် ရပ်စဲရေးကိစ္စ ဖြစ်ပါတယ်။ နှစ်အချက်ကတော့ အပစ်ရပ်စဲထားစဉ် အတွင်းမှာ နှစ်ဘက်တပ်များ သတ်မှတ်နယ်မြေမှအပ ကျူးကျော် သွားလာခွင့်မပြုရ အဲဒါဆွေးနွေးမှာဖြစ်ပါတယ်။ နံပါတ်သုံး ကတော့ အပစ်ရပ်စဲထားစဉ် ကာလအတွင်းမှာ သတ်မှတ်ထားတဲ့ နယ်မြေအတွင်းမှ မြန်မာစစ်တပ် အကုန်လုံး ဆုတ်ခွာပေးရမယ်။ အဲဒါ ကျွန်တော်တို့ ယေဘုယျ အကြမ်းအားဖြင့် အချက် (၆)ချက် အပေါ်မှာ ဆွေးနွေးမှာ ဖြစ်ပါတယ်။ အပြန်အလှန် ဆွေးနွေးပြီးတော့ ကျွန်တော်တို့ တူညီနိုင်တဲ့ အချက်တွေအပေါ်မှာ သဘောတူညီချက်ရရင် လက်မှတ်ရေးထိုးမယ်"

ALP ပါတီဘက်က ဆက်သွယ်ရေးရုံးတွေ ဖွင့်လှစ်ဖို့၊ ALP ရဲဘော်တွေ လက်နက်မပါဘဲ မြန်မာတစ်ပြည်လုံး လွတ်လပ်စွာ ခရီးသွားလာခွင့်ပြုဖို့ အပါအဝင် တစ်ပြည်လုံး အတိုင်းအတာဆောင်တဲ့ အပစ်အခတ် ရပ်စဲကြောင်း ထုတ်ပြန် ကြေညာပေးဖို့ စတဲ့ အချက်တွေကို ဆွေးနွေးမှာ ဖြစ်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။