ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP နဲ့ အစိုးရ ဆွေးနွေးမည်
2012.03.31

RFA
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ကို လွန်ခဲ့တဲ့ ဇန္နဝါရီလကတည်းက အစိုးရနဲ့ဆွေးနွေးဖို့ ဖိတ်ကြားခဲ့ပါတယ်။ ALP ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ကိုယ်စားလှယ်တွေကို စစ်တွေဒေသခံတွေက ထောက်ခံကြိုဆိုသွားမှာ ဖြစ်ကြောင်း ကြိုဆိုရေးအတွက် ပြင်ဆင်ရာမှာ ပါဝင်တဲ့ အရှင် ရာဟုလာက ဒီကနေ့ မိန့်ကြားပါတယ်။
နိုင်ငံရေးနည်းလမ်းနဲ့ ဆွေးနွေးတာ၊ ပြည်တွင်းငြိမ်းချမ်းရေးအတွက် မှန်ကန်တဲ့ တွေ့ဆုံဆွေးနွေးရေးသာ ဖြစ်မယ်ဆိုရင် ရခိုင်ပြည်သူတွေ အနေနဲ့ ဝမ်းမြောက်ဝမ်းသာ ထောက်ခံကြိုဆိုမှာ ဖြစ်ကြောင်း၊ အရှင် ရာဟုလာက မိန့်ပါတယ်။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီဟာ မြန်မာစစ်အစိုးရ အဆက်ဆက်ကို နှစ်ပေါင်းများစွာ လက်နက်ကိုင် တော်လှန်ခဲ့တဲ့ အဖွဲ့အစည်းဖြစ်တာက တစ်ကြောင်း၊ ရခိုင်ပြည်ကို ရခိုင်လူမျိုးတွေ ကိုယ်တိုင် အုပ်ချုပ်နိုင်ဖို့ ကြိုးပမ်းနေတဲ့ အဖွဲ့အစည်းတစ်ရပ်ဖြစ်တာက တစ်ကြောင်းကြောင့် ဒီရခိုင်ကိုယ်စားလှယ်အဖွဲ့ကို ဒေသခံရခိုင်ပြည်တွေအနေနဲ့ ကြိုဆိုဂုဏ်ပြုသွားမှာ ဖြစ်ကြောင်းကိုလည်း ပြောဆိုခဲ့ပါတယ်။
ALP ဥက္ကဋ္ဌ ဦးခိုင်မင်းခိုင်၊ ဒုဥက္ကဋ္ဌ ဦးခိုင်စိုးနိုင်အောင်တို့ ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ဟာ လာမယ့် ဧပြီလ ၄ ရက်နေ့မှာ လက်ရှိအစိုးရ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးသွားမှာ ဖြစ်ကြောင်း သိရပါတယ်။