ရခိုင်လွတ်မြောက်ရေးအဖွဲ့ အစိုးရနဲ့ ပဏာမသဘောတူ
2012.04.05

ပဏာမ သဘောတူညီချက်မှာ ဧပြီ ၆ ရက်ကစပြီး နှစ်ဘက်အပစ်ရပ်ဖို့နဲ့ ပလက်ဝနဲ့ ကျောက်တော်မြို့တွေမှာ ALP ဆက်ဆံရေးရုံးတွေကို ဖွင့်လှစ်ဖို့ အချက်တွေ ပါဝင်ပါတယ်။ နောက်အချက်တွေမှာ အပစ်ရပ်ထားတဲ့ ကာလအတွင်း နှစ်ဘက် သဘောတူထားတဲ့ နေရာကအပ နယ်မြေကျော်ပြီး လက်နက်ကိုင်ဆောင် သွားလာတဲ့ကိစ္စတွေကို နှစ်ဘက်ကြိုတင်ညှိနှိုင်းဖို့နဲ့ အပစ်ရပ်ထားချိန်ကာလမှာ ALP ပါတီဝင်တွေကို လက်နက်ကိုင်ဆောင်ခွင့် မပေးဘဲ လွတ်လွတ်လပ်လပ် ခရီးသွားလာခွင့်ပြုဖ့ို ပါရှိပါတယ်။
နောက်ဆုံးအချက်မှာတော့ နှစ်ဘက် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့တွေဟာ နှစ်ဘက် သဘောတူတဲ့နေရာ၊ သဘောတူတဲ့ အချိန်ကာလအတွင်း ရခိုင်ဒေသ တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးစတဲ့ ကိစ္စရပ်တွေ ဖော်ဆောင်နိုင်ရေးအတွက် ဆက်လက် တင်ပြဆွေးနွေး ညှိနှိုင်းသွားဖို့ သဘောတူညီကြပါတယ်။
ဒီသဘောတူညီချက်ကို ရခိုင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်း ဦးဆောင်တဲ့အဖွဲ့နဲ့ ALP တွဲဖက် အထွေထွေအတွင်းရေးမှူး-၂ နဲ့ ဒုတိယ အဖွဲ့ခေါင်းဆောင် ခိုင်သုခတို့ အပါအဝင် တစ်ဘက် လေးဦးစီ လက်မှတ်ရေးထိုးကြတာပါ။
ဒီသတင်းနဲ့ ပတ်သက်ပြီး RFA သတင်းထောက် ကိုအောင်မြတ်စိုးက ဆက်သွယ်မေးမြန်း သတင်းပေးပို့ထားပါတယ်။
![]() |
ဆက်သွယ် မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန်။ |