ခိုင်မျိုးထွန်း လွတ်မြောက်ရေး ALP နဲ့ နယ်စပ်ဝန်ကြီး ဆွေးနွေး
2016.07.29

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ဗဟိုကော်မတီဝင် ခိုင်မျိုးထွန်းကို အစိုးရက ဖမ်းဆီးထားတဲ့အပေါ် မှာ ပြန်လွှတ်ပေးဖို့ ALP ပါတီက ဒီနေ့ အစိုးရနဲ့ တွေ့ဆုံဆွေးနွေးပြီး တောင်းဆိုလိုက်ပါတယ်။
ဒီနေ့ ညနေပိုင်းက ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ရဲ့ကိုယ်စားလှယ်အဖွဲ့က ရခိုင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းနဲ့ တွေ့ဆုံပြီး တောင်းဆိုခဲ့တာလို့ ALP ပါတီက ဗိုလ်ကြီး ခိုင်နေလင်း က ပြောပါတယ်။
"ကျနော်တို့က ဗဟိုကနေလွှတ်လိုက်တဲ့ ကိုယ်စားလှယ်အဖွဲ့ဖြစ်တယ်၊ လက်ရှိ ခိုင်မျိုးထွန်းကို ဖမ်းဆီး အရေးယူထားမှုအပေါ်မှာ ပြန်လည်လွှတ်မြောက်အောင် ဆွေးနွေးပြီးတော့၊ ညှိနှိုင်းပြီးတော့ အဖြေရှာဖို့ အဲ့ဒါ ကျနော်တို့ လာရောက်ရတဲ့ တာဝန်အပိုင်းဖြစ်တယ်၊ အဲ့ဒီတော့ ကျနော်တို့ ဗိုလ်မှူးကြီး ထိန်လင်း နဲ့ တွေ့ဆုံတဲ့အခါမှာလည်း အဲ့ဒီအပိုင်းကိုပဲ အဓိကရှေ့တန်းတင်ပြီးတော့ ဆွေးနွေးဖြစ်ခဲ့ကြတာပါ"
ALP ပါတီ ဗဟိုကော်မတီဝင် ခိုင်မျိုးထွန်း ကို ဖမ်းဆီးတရားစွဲဆိုတဲ့ကိစ္စအပေါ် ကန့်ကွက်ရှုတ်ချကြောင်း ပါတီက ပြီးခဲ့တဲ့ ဇူလိုင်လ ၂၇ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ ကြေငြာချက်ပါ အသုံးအနှုန်းတွေဟာ ပြင်းထန်လွန်း တာကြောင့် ကြေညာချက်ကို ပြန်လည်ပြင်ဆင်ထုတ်ပြန်ပေးဖို့ ဗိုလ်မှူးကြီး ထိန်လင်း ကပြောဆိုခဲ့တယ်လို့လည်း ဆိုပါတယ်။
ဖမ်းဆီးခံထားရတဲ့ ALP ပါတီရဲ့ ဗဟိုကော်မတီဝင် ခိုင်မျိုးထွန်း လွတ်မြောက်ရေးအတွက် ပါတီနဲ့ အစိုးရအကြား ဒီနေ့ တွေ့ဆုံဆွေးနွေးမှုဟာ တစ်စုံတရာ သဘောတူညီမှု မရခဲ့တာကြောင့် ထပ်မံတွေ့ဆုံမှုတွေ ပြုလုပ်သွားမယ်လို့ လည်း ALP ပါတီက ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာ AA ရက္ခိုင့်တပ်မတော်နဲ့ အစိုးရတပ်မတော်တို့ အကြားဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ALP ပါတီက ပြီးခဲ့တဲ့ ဧပြီလအတွင်းကထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ဟာ တပ်မတော်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်ဆိုပြီး ပါတီရဲ့ ဗဟိုကော်မတီဝင် ခိုင်မျိုးထွန်းကို ပြီးခဲ့တဲ့ ဇူလိုင်လ ၂၅ ရက်နေ့က အစိုးရက ဖမ်းဆီးတရားစွဲဆိုထားတာ ဖြစ်ပါတယ်။