ALP နဲ့ ANP ပူးပေါင်းပြီး လူထုဆွေးနွေးပွဲတွေ ကျင်းပမည်
2018.02.03

ရခိုင်ပြည်နယ်မှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပခွင့်မရတဲ့အတွက် ရခိုင်ပြည်သူတွေရဲ့ သဘောထားတွေကို ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံမှာ တင်ပြနိုင်ဖို့ လူထုဆွေးနွေးပွဲတွေ နဲ့ ဆောင်ရွက်သွားမယ်လို့ ငြိမ်းချမ်းရေးဆိုင်ရာ လူထုဆွေးနွေးပွဲကျင်းပရေး ကော်မတီက ဒီနေ့ ပြောပါတယ်။
မြို့နယ်အလိုက် ကိုယ်စားလှယ်တွေ ရွေးချယ်ပြီး ခရိုင်အလိုက်ဆွေးနွေးမှုတွေကို ဆက်လက်လုပ်ဆောင်သွားမယ် လို့ စစ်တွေခရိုင် ငြိမ်းချမ်းရေးဆိုင်ရာ လူထုဆွေးနွေးပွဲကျင်းပရေး ကော်မတီဝင်တစ်ဦးဖြစ်တဲ့ ဦးခိုင်ကောင်းစံ က ပြောပါတယ်။
"အဓိကက ကျနော်တို့ အဲဒီမှာ ဆွေးနွေးမယ့်အရာတွေရှိပါတယ်။ ဒီတက်လာတဲ့ ကိုယ်စားလှယ်တွေ က နိုင်ငံရေးဆိုင်ရာ ခေါင်းစဉ်နဲ့ ဆွေးနွေးမယ်။ လူမှုရေးဆိုင်ရာ ခေါင်းစဉ်နဲ့ ဆွေးနွေးမယ်။ စီးပွားရေးဆိုင်ရာ ခေါင်းစဉ်နဲ့ ဆွေးနွေးမယ်။ နောက်ပြီးတော့ မြေယာနဲ့ သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ခေါင်းစဉ်နဲ့ ဆွေးနွေးပါမယ်။ အဲဒီကရလာတဲ့ ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးချက်တွေကို ကျနော်တို့ စာတမ်းပေါ့နော်။ စာတမ်းလေးတွေ ပြုစုပြီးတော့မှ နောက်လာမယ့် ပင်လုံညီလာခံပေါ့၊ အဲဒီမှာ ဒီစာတမ်းတွေကို ပြုစုပြီးတော့ တင်သွင်းမယ်ဆိုတဲ့ အဆင့်အထိ ကျနော်တို့ အဲဒီရလဒ်တွေ ကို မျှော်လင့်ပြီးတော့ ကျင်းပတာဖြစ်ပါတယ်"
အဲဒီလူထုဆွေးနွေးပွဲတွေကို ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP နဲ့ ရခိုင်အမျိုးသားပါတီ ANP တို့ ဦးဆောင် တာဖြစ်ပြီး လူမှုအဖွဲ့အစည်းတွေက ကူညီပံ့ပိုးမှာဖြစ်တယ်လို့ သိရပါတယ်။
ငြိမ်းချမ်းရေးဆိုင်ရာ လူထုဆွေးနွေးပွဲအတွက် စစ်တွေမြို့နယ် ရခိုင်အမျိုးသားပါတီ ANP ရုံးမှာ စစ်တွေမြို့နယ် အဆင့် ကိုယ်စားလှယ်တွေကို ဒီနေ့ ရွေးချယ်ခဲ့ကြပါတယ်။
ဆက်လက်ပြီး ပေါက်တောမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်တွေမှာလည်း အလားတူမြို့နယ်အဆင့် ကိုယ်စား လှယ် ရွေးချယ်မှုတွေကို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပြီး လာမယ့် ဖေဖော်ဝါရီလ ၉ ရက်နေ့မှာတော့ မြို့နယ် သုံးခုက ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်တွေနဲ့ စစ်တွေခရိုင်အဆင့် ငြိမ်းချမ်းရေးဆိုင်ရာ လူထုဆွေးနွေးပွဲ ကို ပြုလုပ်သွားမယ်လို့လည်း သိရပါတယ်။
အခြားခရိုင်အသီးသီးမှာလည်း ငြိမ်းချမ်းရေးဆိုင်ရာ လူထုဆွေးနွေးပွဲတွေကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။