အင်းတော် ဘုန်းကြီးကျောင်း လေကြောင်းတိုက်ခိုက်ခံရပြီး သေဆုံးသူ ၁၇ ဦးရှိလာ

RFA Burmese
2024.06.24
အင်းတော် ဘုန်းကြီးကျောင်း လေကြောင်းတိုက်ခိုက်ခံရပြီး သေဆုံးသူ ၁၇ ဦးရှိလာ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့တစ်နေရာကို တွေ့ရစဉ်။
Photo: RFA

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ် နန့်သာရွာမှာ ဇွန်လ ၂၂ ရက်နေ့ ညပိုင်းက လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် သေဆုံးသူဟာ ရဟန်းတစ်ပါးအပါအဝင် အရပ်သား ၁၇ ဦးအထိ ရှိလာနေတယ်လို့ အင်းတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က RFA ကို ဇွန်လ ၂၄ ရက် ဒီနေ့ညနေက ပြောပါတယ်။

နန့်သာရွာအတွင်းက ဘုန်းကြီးကျောင်းဝင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်မ (၇၇) လက်အောက်ခံ တပ်စခန်းကို ဇွန်လ ၂၂ ရက်နေ့ ည ၉ နာရီဝန်းကျင်မှာ အင်းတော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ပူးပေါင်းအဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့တာပါ။

တိုက်ပွဲဖြစ်ပြီးနောက် ရွာခံ အယောက် လေးဆယ်နီးပါးကို စစ်ကောင်စီတပ်က ဘုန်းကြီးကျောင်းထဲမှာ စုဝေးခိုင်းထားရာကနေ အဲဒီဘုန်းကြီးကျောင်းကို လေကြောင်းနဲ့ မှားယွင်းပစ်ခတ်ခံရတာလို့ Indaw Revolution-IR က တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

“နန့်သာမှာက ဘုန်းကြီးကျောင်း နှစ်ကျောင်းရှိတယ်။ တစ်ခုက တောင်ပေါ်မှာ။ တောင်ပေါ်မှာက တော်လှန်ရေးဘက်က နေရာယူထားတာ။ ရွာထဲက ဘုန်းကြီးကျောင်းထဲမှာတော့ စစ်ကောင်စီတပ်က အထိုင်ချနေတာပေါ့။ တိုက်ပွဲဖြစ်လာတော့ ပြည်သူတွေကို ဘုန်းကြီးကျောင်းထဲခေါ်ပြီး ပိတ်ထားလိုက်တာ။ ပိတ်ထားတဲ့အခါ ည ၁၂ လောက် လေယာဉ်နဲ့ ဗုံးလာကြဲတော့တာပဲ။ သူတို့ကြဲချင်တာက တောင်ပေါ်က ဘုန်းကြီးကျောင်းကို ကြဲချင်တာ ဖြစ်မယ်။ မှားကြဲတာပေါ့”

ဒီဖြစ်စဉ်အတွင်း နောက်ထပ် လူရှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်း သူက ပြောပါတယ်။

သေဆုံးသူတွေကတော့ သက်တော် ၄၀ ကျော်အရွယ် ဦးပဉ္စင်းတစ်ပါးနဲ့ ရွာခံတွေဖြစ်တဲ့ အသက် ၇၅ နှစ်အရွယ် ဒေါ်ကျင်စော၊ အသက် ၄၀ အရွယ် မပို၊ အသက် ၅၅ နှစ်အရွယ် ဦးသန်းစိန်၊ အသက် ၆၀ အရွယ် ဦးအုန်းကျော်၊ အသက် ၅၉ နှစ်အရွယ် ဦးပိန်သေး၊ အသက် ၆၂ နှစ်အရွယ် ဒေါ်မနှင်း၊ အသက် ၃၂ နှစ်အရွယ် မစန္ဒာလင်း၊ အသက် ၃၄ နှစ်အရွယ် မသူဇာမော်၊ အသက် ၃၇ နှစ်အရွယ် ဦးကျော်မျိုး၊ အသက် ၅၀ အရွယ် ဒေါ်တင်အေး၊ အသက် ၄၅ နှစ်အရွယ် မကြူကြူသင်း၊ အသက် ၄၂ နှစ်အရွယ် ကိုတင်စိုးလွင်၊ အသက် ၃၀ အရွယ် မခင်စံပယ်ဦးနဲ့ အသက် ၅ နှစ် အရွယ် သားဖြစ်သူ၊ အသက် ၈၀ အရွယ် ဒေါ်ဂျမ်းပုံနဲ့ အသက် ၆၀ အရွယ်သမီး ဖြစ်တယ်လို့ ဆိုပါတယ်။

သေဆုံးသွားသူတွေကို ရပ်မိရပ်ဖတွေက ဦးဆောင်ပြီး ဒီနေ့ နေ့လယ်မှာ သင်္ဂြိုဟ်ပေးလိုက်ပေမဲ့ ထိခိုက်ဒဏ်ရာရသူ ရှစ်ဦးနဲ့အတူ နောက်ထပ် ရွာခံ နှစ်ဆယ်ခန့်ရဲ့ နောက်ဆက်တွဲအခြေအနေကိုတော့ မသိရသေးဘူးလို့လည်း ဆိုပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာမရှိသေးသလို စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က ဆက်သွယ်ခဲ့ရာမှာလည်း ဖုန်း လက်ခံဖြေဆိုခြင်းမရှိပါဘူး။

အင်းတော်မြို့နဲ့ ဗန်းမောက်မြို့ကို ဆက်သွယ်ထားတဲ့လမ်းပေါ် နန့်သာရွာမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို ကာကွယ်ရေးတပ်တွေ မကြာခဏသွားရောက်တိုက်ခိုက်လေ့ရှိပြီး ၂၀၂၃ ခုနှစ်၊ ဧပြီလ ၆ ရက်နေ့ကလည်း နှစ်ဖက်တိုက်ပွဲကြောင့် နန့်သာ၊ အောင်းကုန်း၊ အင်ပင်၊ မော်တိတ်နဲ့ ရွာသာယာရွာက ဒေသခံလေးထောင်ခန့် ထွက်ပြေးခဲ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။