လေကြောင်းတိုက်ခိုက်မှုကြောင့် TNLA ထိန်းချုပ်ဒေသမှာ အရပ်သားကိုးဦး သေဆုံး၊ သုံးဆယ်နီးပါး ဒဏ်ရာရ

2025.02.22
လေကြောင်းတိုက်ခိုက်မှုကြောင့် TNLA ထိန်းချုပ်ဒေသမှာ အရပ်သားကိုးဦး သေဆုံး၊ သုံးဆယ်နီးပါး ဒဏ်ရာရ လေကြောင်းတိုက်ခိုက်ခံရသည့် နောင်ချိုမြို့နယ် လောက်ဖန်းကျေးရွာကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်နေ့က တွေ့ရစဉ်။
PSLF/TNLA News

၁၀၂၇ စစ်ဆင်ရေးကာလအတွင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တပ်ဖွဲ့ သိမ်းပိုက်ထားတဲ့ မိုးကုတ်မြို့နဲ့ နောင်ချိုမြို့အတွင်းကို ဖေဖော်ဝါရီလ ၆ ရက်နေ့ကနေ ၂၀ ရက်နေ့အထိ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ကိုးဦး သေဆုံးပြီး သုံးဆယ် နီးပါး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ညပိုင်းမှာ မန္တလေးတိုင်း၊ မိုးကုတ်မြို့ အနောက်ပိုင်းမှာရှိတဲ့ ဝင်းထရံ ကျောက်လုပ်ကွက်ကို စစ်ကောင်စီ ဗုံးကြဲခဲ့တာကြောင့် ကျောက်တွင်းလုပ်သား ငါးဦး သေဆုံးခဲ့ပြီး ၁၉ ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြိုနယ် ဆေးရုံ၊ ရဲစခန်းနဲ့ လောက်ဖန်းကျေးရွာတို့ကို ဖေဖော်ဝါရီလ ၁၉ ရက်နေ့နဲ့ ၂၀ ရက်နေ့တွေမှာ လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား လေးဦး ထပ်မံသေဆုံး ကာ ကိုးဦး ဒဏ်ရာရခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးကတော့ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေ ပိုလုပ်လာနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ စစ်ရေးသတိရှိဖို့ တိုက်တွန်းထားပါတယ်။

"လူထုတွေအနေနဲ့ စစ်ကောင်စီရဲ့ လေကြောင်းရန်တိုက်ခိုက်မှုတွေ၊ ဗုံးကြဲတိုက်ခိုက်မှုတွေကို ရှောင်ရှားနိုင်ဖို့ စစ်ရေးသတင်းတွေကို အမြဲနားစွင့်ထားဖို့ လိုပါတယ်"

ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်နဲ့ မန္တလေးတိုင်း ပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ပြန်လည်ဖြေဆိုတာ မရှိပါဘူး။

ပြီးခဲ့တဲ့ ၂၀၂၅ ဇန်နဝါရီလကလည်း TNLA ထိန်းချုပ်ဒေသဖြစ်တဲ့ နောင်ချို၊ မိုးကုတ်နဲ့ ကျောက်မဲမြို့တွေကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် အရပ်သား ၁၄ ဦး သေဆုံးခဲ့ပြီး ၂၆ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။