ထီးချိုင့်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရ

RFA Burmese
2024.01.01
ထီးချိုင့်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလအတွင်း မီးရှို့ဖျက်ဆီးခံရသည့် စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့ စံပြရပ်ကွက်ရှိ နေအိမ်တချို့ကို နိုဝင်ဘာလ ၂၈ ရက်နေ့က တွေ့ရစဉ်။
Tigyaing Revolution -TR

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ ကံပေါက်ရွာကို ဒီဇင်ဘာလ ၃၁ ရက် နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ပစ်ခဲ့တာကြောင့် အသက် ခုနစ်နှစ်အရွယ် ယောက်ျားလေးတစ်ဦးသေဆုံးပြီး မိခင်ဖြစ်သူ ဒဏ်ရာရသွားတယ်လို့ ထီးချိုင့် ဒေသခံတွေကပြောပါတယ်။

A5 ဂျက်တိုက်လေယာဉ်က ပေါင်ငါးရာဗုံးနှစ်လုံး ကြဲချခဲ့တာကြောင့် ကံပေါက်ရွာ ဘုန်းကြီးကျောင်းအနီးက နေအိမ်တစ်ခုပေါ် ကျရောက်ပေါက်ကွဲပြီး သေဆုံးခဲ့ရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ထီးချိုင့်ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"လေယာဥ်က ပေါင်ငါးရာဗုံးနှစ်လုံးကြဲတာ၊ တစ်လုံးက ဘုန်းကြီးကျောင်းအရှေ့ ကျသွားတယ်။ နောက်တစ်လုံးက ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းကြားမှာရှိတဲ့ နေအိမ်ထဲကျသွားလို့ ကလေးသေသွားတာ။ မိခင်ဖြစ်သူလည်း ထိခိုက်ဒဏ်ရာ ရသွားတယ်"

အဲဒီအနီးအနားမှာ တိုက်ပွဲဖြစ်တာမရှိသလို ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေလည်းမရှိဘဲ လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့တာလို့ ဆိုပါတယ်။

ဒီဇင်ဘာလ ၂၁ ရက်ကလည်း နတ်အင်းရွာ လေကြောင်းတိုက်ခိုက်ခံရပြီး အသက် ၃၃ နှစ်အရွယ် မမြင့်မြင့်ချို သေဆုံးခဲ့သလို တစ်အိမ်တည်းနေတဲ့ မိသားစုဝင်သုံးဦး ဒဏ်ရာရခဲ့ပါတယ်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက် ဒီနေ့အထိ ထီးချိုင့်မြို့ပေါ်မှာ တိုက်ပွဲဖြစ်နေတာ နှစ်လနီးပါးကြာမြင့်လာပြီး စစ်ကောင်စီဘက်ကလည်း နေ့စဉ် လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ထီးချိုင့်မြို့တိုက်ပွဲနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားတွေ သေဆုံးနေတဲ့အပေါ် တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

RFA က ပြုစုထားတဲ့စာရင်းတွေအရ အာဏာသိမ်းချိန်ကနေ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့အထိ သုံးနှစ်အတွင်း လေကြောင်းနဲ့ လက်နက်ကြီးကြောင့် စုစုပေါင်း အရပ်သား ၁၂၅၄ ဦး သေဆုံးပြီး၊ ၂၃၂၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။