မြိုင်က ရွာနှစ်ရွာကို စစ်ကောင်စီတပ် လေကြောင်းက တိုက်ခိုက်
2024.07.30

မကွေးတိုင်း မြိုင်မြို့နယ်က ရွာနှစ်ရွာကို ဇူလိုင်လ ၂၉ ရက်နေ့မှာ စစ်ကောင်စီတပ်က တိုက်ခိုက်ရေး ရဟတ်ယာဉ်နဲ့ ပစ်ခတ်တိုက်ခိုက်တာကြောင့် သက်ကြီးရွယ်တစ်ဦး ဒဏ်ရာရပြီး လူတစ်ထောင်ခန့် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကန်ကြီးရွာနဲ့ ကုန်းဘလူရွာတို့ကို လေကြောင်းက တိုက်ခိုက်ခဲ့တာဖြစ်ပြီး ကန်ကြီးရွာက အသက် ၈၀ အရွယ် အမျိုးသမီးတစ်ဦး ဗုံးစထိမှန်ဒဏ်ရာရခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"ကန်ကြီးရွာက အိမ်တစ်အိမ်ကို လေယာဉ်နဲ့ လာပစ်သွားတယ်ဗျ။ ဒေသခံ နေတဲ့အိမ်ကို ဘာမှလည်းမရှိဘဲနဲ့ သက်သက်ကို လာပစ်သွားတာဗျ။ အဘွားကြီးတစ်ယောက်တော့ လက်မောင်းကို ထိသွားတယ်။ အဲဒီအနားက ရွာတွေရော ကျွန်တော်တို့ပါ ရွာထဲ မနေရဲဘူးဗျ"
ဒီတိုက်ခိုက်မှုကြောင့် ကန်ကြီးရွာက နေအိမ်တချို့ ပျက်စီးပြီး ကုန်းဘလူရွာက ထိခိုက်ပျက်စီးမှု အခြေအနေတွေကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
မြိုင်မြို့နယ်က ရွာအများစုကို ကာကွယ်ရေးတပ်ဖွဲ့တွေက စိုးမိုးထားပြီး ပျူစောထီးနဲ့ စစ်ကောင်စီတပ်သားတွေ အထိုင်ချထားတဲ့ ကန်နီရွာကို ရိက္ခာပို့ဆောင်ဖို့ရှိတာကြောင့် လမ်းကြောင်းရှင်းတဲ့အနေနဲ့ စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တာလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သတ်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးမျိုးမြင့်ကို RFA က ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိသေးပါဘူး။
ဇူလိုင်လ ပထမပတ်အတွင်းကလည်း မြိုင်မြို့နယ် တောင်ပိုင်း အိုရင်းရွာကို ဝင်ရောက်စီးနင်းမီးရှို့တာကြောင့် နေအိမ် ၂၇ လုံး ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။