ကာဒီနယ် ချားလ်စ်မောင်ဘို ဇာတိရွာ လေကြောင်းတိုက်ခိုက်ခံရ
2024.08.26

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်က ကာဒီနယ် ချားလ်စ်မောင်ဘိုရဲ့ ဇာတိရွာဖြစ်တဲ့ မုံလှရွာကို ဩဂုတ်လ ၂၅ ရက်နေ့ ညပိုင်းမှာ စစ်ကောင်စီလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သားသုံးဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ်နှစ်လုံး ပျက်စီးသွားတယ်လို့ ခင်ဦးမြို့ခံတွေက RFA ကို ပြောပါတယ်။
ထိခိုက်ဒဏ်ရာရသူတွေထဲမှာ အမျိုးသမီးနှစ်ဦးနဲ့ အမျိုးသားတစ်ဦးဖြစ်ပြီး နာမည်နဲ့ အသက်အရွယ်တွေကိုတော့ အသေးစိတ်မသိရသေးဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ခင်ဦးမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
"နာမည်တွေကတော့ အတိအကျ မသိရသေးဘူး။ ဖုန်းလိုင်းတွေကလည်း ဖြတ်ခံထားရတော့လေ။ မနေ့က ဘာတိုက်ပွဲမှမရှိတဲ့အချိန် လာကြဲချတာ။ ဒေသခံတွေကတော့ တော်တော်လေးကို ကြောက်သွားကြတယ်။ ဒဏ်ရာတွေကတော့ စိုးရိမ်စရာအခြေအနေ မရှိဘူးလို့ သိရတယ်"
မုံလှရွာဟာ မြန်မာနိုင်ငံ ကက်သလစ် ခရစ်ယာန်ဂိုဏ်းချုပ် ဘုန်းတော်ကြီး ကာဒီနယ် ချားလ်စ်မောင်ဘို ဇာတိရွာဖြစ်ပြီး ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့က စစ်ကောင်စီတပ်တွေ ဝင်ရောက်မီးရှို့တာကြောင့် နှစ်ထပ်စာသင်ကျောင်းဆောင် အပါအဝင် နေအိမ် ၄၇ လုံး မီးလောင်ပျက်စီးခဲ့ပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာမရှိပါဘူး။
အိမ်ခြေ ခုနစ်ရာခန့်ရှိတဲ့ မုံလှရွာမှာ အိမ်ခြေ နှစ်ရာကျော်က ဘရင်ဂျီလို့ခေါ်တဲ့ ပေါ်တူဂီနွယ်ဝင် ခရစ်ယာန်ဘာသာ ကိုးကွယ်သူတွေ နေထိုင်ကြပြီး ဘုန်းတော်ကြီးကျောင်း၊ ခရစ်ယာန်ဘုရားကျောင်းနဲ့ အထက်တန်းကျောင်းတွေရှိတဲ့ ရွာကြီးတစ်ရွာ ဖြစ်ပါတယ်။
RFA က ပြုစုထားတဲ့စာရင်းတွေအရ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် အခုနှစ် ဇန်နဝါရီလကနေ မေလအထိ ငါးလအတွင်း အရပ်သား ၆၆၂ ဦး သေဆုံးပြီး ၁,၄၉၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။