မင်းပြားမြို့ လေကြောင်းတိုက်ခိုက်မှုကြောင့် ငါးဦးထက်မနည်း ဒဏ်ရာအပြင်းအထန်ရ

RFA Burmese
2024.04.30
မင်းပြားမြို့ လေကြောင်းတိုက်ခိုက်မှုကြောင့် ငါးဦးထက်မနည်း ဒဏ်ရာအပြင်းအထန်ရ ရခိုင်ပြည်နယ်၊ မင်းပြားမြို့ကို ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ရခိုင်ပြည်နယ်၊ မင်းပြားမြို့ကို ဧပြီလ ၃၀ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် ဒေသခံငါးဦးထက်မနည်း ဒဏ်ရာအပြင်းအထန်ရခဲ့ပြီး မြို့နယ်စည်ပင်ရုံးနဲ့ သပြေညိုရပ်ကွက်က နေအိမ်ငါးလုံး မီးလောင်ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနက် ၁၀ နာရီလောက်မှာ ဂျက်တိုက်လေယာဉ်တစ်စင်းနဲ့ ဗုံးခုနစ်လုံး ကြဲချခဲ့တာဖြစ်ပြီး ငါးဦးထက်မနည်း ဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့ မင်းပြားမြို့ပေါ်မှာရှိနေတဲ့ မြို့ခံတစ်ဦးက RFA ကိုပြောပါတယ်။

"မနက် ၁၀ နာရီလောက်မှာ ဂျက်လေယာဉ်နဲ့ ဗုံးလာကြဲတယ်။ စည်ပင်ရုံးဆို အကုန်လုံး တစ်စစီဖြစ်သွားတယ်။ သပြေညိုရပ်ကွက် နေအိမ်ငါးလုံးလည်း မီးလောင်ပြီး ပြာကျသွားတယ်။ လူပွဲချင်းပြီး သေတာတော့မရှိဘူး။ ဒါပေမဲ့ ငါးယောက်ကတော့ ဒဏ်ရာအတော်လေး ပြင်းထန်တယ်။ ခြေပြတ်၊ လက်ပြတ်တွေချည်းပဲ"

လက်ရှိမှာတော့ ဒေသခံတွေ စိုးရိမ်ကြောက်လန့်နေကြရသလို ဗုံးထပ်လာကြဲမှာကို စိုးရိမ်တာကြောင့် အပြင်ကို မထွက်ရဲကြဘူးလို့ ဆိုပါတယ်။

မင်းပြားမြို့ကို ရက္ခိုင့်တပ်တော် (AA) က သိမ်းပိုက်ထားတာဖြစ်ပြီး စစ်ကောင်စီတပ်ဘက်ကလည်း မကြာခဏ ဗုံးလာကြဲတာတွေ ရှိနေတာပါ။

မတ်လ ၁၈ ရက်နေ့ကလည်း မင်းပြားမြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာတွေကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးလာကြဲတာကြောင့် သာဒါကျေးရွာက ရိုဟင်ဂျာ ၂၃ ဦး သေဆုံးပြီး ၃၃ ဦး ဒဏ်ရာရခဲ့ပါတယ်။

မင်းပြားမြို့ကို လေကြောင်းနဲ့ ဗုံးကြဲနေတဲ့အပေါ် တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။

RFA က ပြုစုထားတဲ့စာရင်းတွေအရ ရခိုင်မှာ စစ်ကောင်စီတပ်နဲ့ (AA) တို့ တိုက်ပွဲစတင်တဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာကနေ ၂၀၂၄ ခုနှစ်၊ ဧပြီလကုန်အထိ စစ်ကောင်စီတပ်ရဲ့ လေကြောင်း၊ လက်နက်ကြီး၊ လက်နက်ငယ်နဲ့ မြေမြှုပ်မိုင်းကြောင့် ဒေသခံနှစ်ရာကျော် သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ခြောက်ရာနီးပါးရှိသွားပြီ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။