မောင်တောမှာ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အဘိုးအိုတစ်ဦး ဒဏ်ရာရ၊ ကျေးလက်ဆေးပေးခန်း ပျက်စီး
2024.05.20

ရခိုင်ပြည်နယ် မောင်တောမြို့နယ် သရီကုန်ဘောင်ရွာကို စစ်ကောင်စီတပ်က မေလ ၁၉ ရက်နေ့မှာ ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် အဘိုးအိုတစ်ဦး ဒဏ်ရာရခဲ့သလို ကျေးလက်ဆေးပေးခန်းနဲ့ လူနေအိမ်ငါးလုံး ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီရက်ပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေတာကြောင့် ဒေသခံတွေ လုံခြုံတဲ့နေရာတွေမှာ ပုန်းခိုနေရပြီး လူစုလူဝေးလုပ်လို့မရဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"သရီကုန်ဘောင်မှာ လေကြောင်းက ဗုံးကြဲတာ အိမ်လေးငါးဆောင်လောက်တော့ ပျက်စီးသွားတယ်။ လူအသေအပျောက်တော့မရှိဘူး။ လက်နက်ကြီးပစ်သံတွေ ကြားနေရတယ်။ လူစုလူဝေးလုပ်လို့မရဘူး"
မေလ ၁၄ ရက်နေ့ကလည်း မောင်တောမြို့နယ် ကင်းချောင်းရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားလေးဦး ဆုံးပြီး ငါးဦး ဒဏ်ရာရခဲ့တယ်လို့ သူကဆိုပါတယ်။ အဲဒီတိုက်ခိုက်မှုမှာလည်း ဘုန်းတော်ကြီးကျောင်းနဲ့ လူနေအိမ်တချို့ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။
RFA က ကောက်ယူထားတဲ့ စာရင်းတွေအရ ရခိုင်ပြည်နယ်က တစ်ကျော့ပြန်တိုက်ပွဲ ခြောက်လကျော်အတွင်း လေကြောင်း၊ လက်နက်ကြီး၊ လက်နက်ငယ်နဲ့ မြေမြှုပ်မိုင်းတွေကြောင့် သေဆုံးတဲ့အရပ်သား နှစ်ရာကျော်နဲ့ ဒဏ်ရာရသူ ခြောက်ရာနီးပါးအထိ ရှိလာပါတယ်။