မောင်တောမှာ လေကြောင်းကဗုံးကြဲလို့ သုံးဦးသေ၊ ခြောက်ဦးဒဏ်ရာရ

RFA Burmese
2024.05.14
မောင်တောမှာ လေကြောင်းကဗုံးကြဲလို့ သုံးဦးသေ၊ ခြောက်ဦးဒဏ်ရာရ ရခိုင်ပြည်နယ်၊ မောင်တောမြို့အဝင် လမ်းတစ်နေရာကို ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောမြို့နယ် ဒုချီးရားတန်းကျေးရွာအုပ်စု ကင်းချောင်းရွာကို မေလ ၁၄ ရက် မနက် ၁၁ နာရီခွဲခန့်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားသုံးဦး သေဆုံးပြီး ခြောက်ဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲဖြစ်တာမရှိဘဲ ဂျက်တိုက်လေယာဥ်နဲ့ နှစ်ကြိမ်ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား သေဆုံးထိခိုက်မှုတွေ ရှိခဲ့တာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“အဘွားနှစ်ယောက်နဲ့ ယောက်ျားတစ်ယောက် သေတယ်၊ ဒဏ်ရာရတာက ခြောက်ယောက်။ ပြီးတော့ ကားတွေ ခြောက်စီး၊ ခုနစ်စီးလောက် ပျက်စီးသွားတယ်။ ဘုန်းကြီးကျောင်းဓမ္မာရုံ ပြိုသွားတယ်။ ပြီးတော့ အိမ်နှစ်လုံး မီးလောင်တယ်”

ဒီတိုက်ခိုက်မှုကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရပြီး သေဆုံးသူနဲ့ ဒဏ်ရာရရှိသူတွေရဲ့ ကိုယ်ရေးအချက်အလက်အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ သူကဆိုပါတယ်။

အခုဗုံးကြဲတိုက်ခိုက်မှုအတွင်း သေဆုံး၊ ဒဏ်ရာရသူတွေအပြင် ကလေးငယ်တချို့လည်း ပျောက်ဆုံးနေတယ်လို့ နောက်ထပ်ဒေသခံတစ်ဦးက ပြောပါတယ်။

“ကင်းချောင်းရွာနဲ့ ဘုန်းကြီးကျောင်းကို ကြဲချတာ။ ကျွန်တော့်ကားတွေလည်း အားလုံးပါသွားတယ်။ ရွာသားသုံးယောက် သေတယ်။ ကလေးတွေလည်းပျောက်နေတယ်”

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

အိမ်ခြေတစ်ရာဝန်းကျင်ရှိတဲ့ ကင်းချောင်းရွာဟာ မောင်တောမြို့နယ်နဲ့ ရသေ့တောင်မြို့နယ် အငူမော်ဆိပ်ကမ်းကို ဆက်သွယ်ထားတဲ့ ကားလမ်းမပေါ်မှာ တည်ရှိပါတယ်။

RFA က ကောက်ယူထားတဲ့ စာရင်းတွေအရ ရခိုင်ပြည်နယ်က တစ်ကျော့ပြန်တိုက်ပွဲ ခြောက်လနီးပါးအတွင်း လေကြောင်း၊ လက်နက်ကြီး၊ လက်နက်ငယ်နဲ့ မြေမြှုပ်မိုင်းတွေကြောင့် သေဆုံးတဲ့အရပ်သား နှစ်ရာကျော်နဲ့ ဒဏ်ရာရသူ ခြောက်ရာနီးပါးအထိ ရှိလာပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။