ရေဦးနဲ့ တောင်သာမှာ ဘာသာရေးအဆောက်အအုံနဲ့ ရွာတွေ ဗုံးကြဲတိုက်ခိုက်ခံရ

RFA Burmese
2025.03.12
ရေဦးနဲ့ တောင်သာမှာ ဘာသာရေးအဆောက်အအုံနဲ့ ရွာတွေ ဗုံးကြဲတိုက်ခိုက်ခံရ မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ အေးကျင်းရွာရှိ ဘုရားဝင်းတွင် ဗုံးကြဲခဲ့သဖြင့် ပျက်စီးခဲ့သည့် အဆောက်အအုံအပျက်အစီးများကို ၂၀၂၅ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့တွင် တွေ့ရစဉ်။
Facebook/ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်နဲ့ မန္တလေးတိုင်း၊ တောင်သာမြို့နယ်မှာ ဘာသာရေးအဆောက်အအုံနဲ့ ရွာတွေ ဗုံးကြဲတိုက်ခိုက်ခံရပြီး အရပ်သားတစ်ဦး သေဆုံးတယ်လို့ ဒေသခံတွေက RFA ကို မတ်လ ၁၂ ရက်နေ့မှာ ပြောပါတယ်။

တောင်သာမြို့နယ်၊ ဇရပ်ကြီးနဲ့ အေးကျင်းရွာ ကို မတ်လ ၁၀ ရက်နဲ့ ၁၁ ရက်နေ့တွေမှာ စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ် အပါအဝင် စက်တပ်လေထီးတွေနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ဘာသာရေးအဆောက်အအုံတချို့ ပျက်စီးပြီး အသက် ၁၆ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးသွားတယ်လို့ ဆိုပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တောင်သာဒေသခံတစ်ဦးက အဲဒီရွာတွေမှာ တိုက်ပွဲဖြစ်တာမရှိဘဲ စစ်ကောင်စီတပ်က ဗုံးကြဲခဲ့တာလို့ ပြောပါတယ်။

"ဇရပ်ကြီးရွာကို စက်တပ်လေထီးနဲ့ ဗုံးရှစ်လုံးကြဲချလို့ နေအိမ်တချို့ ပျက်စီးသွားတယ်။ အေးကျင်းရွာမှာ လေကြောင်းကနေ ဗုံးကြဲလို့ ရွာ ဓမ္မာရုံ ပျက်စီးသွားတယ်။ အဲဒီဘက်ရောက်နေတဲ့ မိန်းကလေးတစ်ဦးက သေသွားတယ်။ အခုရက်ပိုင်း တောင်သာကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက်လုပ်နေတာပါ"

ဇရပ်ကြီးရွာဟာ အရင်က စစ်ကောင်စီတပ်၊ တပ်စွဲထားတဲ့နေရာတစ်ခုဖြစ်ခဲ့ပေမဲ့ ကာကွယ်ရေးတပ်တွေက ပြန်ထိန်းချုပ်ထားပြီးနောက် လေကြောင်းတိုက်ခိုက်မှု သုံးကြိမ်ထက်မနည်း ကြုံခဲ့ရတယ်လို့ သူက ပြောပါတယ်။

လေကြောင်းနဲ့ စက်တပ်လေထီး တိုက်ခိုက်တဲ့ ဖြစ်ရပ်တွေ များလာတာကြောင့် ဒေသခံတွေအနေနဲ့ ဗုံးခိုကျင်းတူးကြဖို့၊ လေကြောင်းရန် သတိပြုကြဖို့ တောင်သာအခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက တိုက်တွန်းထားပါတယ်။

မတ်လ ၁၁ ရက်နေ့ နေ့လယ်ပိုင်းကလည်း စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ အောင်သုခရွာကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ရွာမှာရှိတဲ့ ဘုန်းတော်ကြီးကျောင်း အနည်းငယ် ထိခိုက်ပျက်စီးသွားတယ်လို့ ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်လို့ အသေးစိတ်သိရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်း ပြောခွင့်ရသူတွေကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

RFA ရဲ့ စာရင်းအရ ၂၀၂၄ ခုနှစ် တစ်နှစ်အတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် နိုင်ငံတစ်ဝန်း အရပ်သား ၁၇၆၉ ဦး သေဆုံးပြီး ဒဏ်ရာရသူ ၃၇၂၀ ဦး ရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။