ပူတာအိုမှာ ဂျက်တိုက်လေယာဉ်နဲ့ ပစ်ခတ်တိုက်ခိုက်

2022.02.22
ပူတာအိုမှာ ဂျက်တိုက်လေယာဉ်နဲ့ ပစ်ခတ်တိုက်ခိုက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ၂၀၂၁၊ ဖေဖော်ဝါရီ ၁၈ ရက်နေ့က မြစ်ကြီးနားမြို့မှာ တွေ့ရစဉ်
Photo: RFA

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်ထဲ KIA နဲ့ PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ အကြား လေးရက်ကြာ တိုက်ပွဲတွေဖြစ်နေပြီး ဒီနေ့မနက် ဆယ်နာရီခွဲလောက်မှာ ဂျက်တိုက်လေယာဉ်နှစ်စီးနဲ့ ဆယ်ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အင်စီယာန်ရွာ အနီးတစ်ဝိုက်ကို ပစ်ခတ်သွားတာလို့ တိုက်ပွဲတွေကြောင့် တောတောင်ထဲ ထွက်ပြေးနေရတဲ့ အင်စီယာန်ရွာသားတစ်ဦးက RFA ကို ပြောပါတယ်။

"လေယာဉ်နှစ်စီးနဲ့ ပစ်တယ်။ ပထမတစ်စီးက ငါးကြိမ်လောက် ပစ်တယ်။ နောက် တစ်စီးက ၁၀ ကြိမ်ကျော်လောက် ပစ်တယ်။ အင်စီယာန် ဘောလုံးကွင်းကနေ စပစ်တာ။ ရွာကိုပတ်ပြီး ပစ်သွားတာ။ ကျွန်တော်တို့ ပြည်သူတွေကတော့ တောထဲ ထွက်ပြေး သွားတယ်ဆိုတော့ ထိခိုက်တာမရှိဘူး။ နေအိမ်ထိတာလည်း မရှိဘူး"

ဒီနေ့မနက် ၆ နာရီကျော်ချိန်က ပူတာအိုကနေ တောလမ်းအတိုင်း တက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းနဲ့ ကေအိုင်အေ၊ PDF အဖွဲ့တွေအကြား လုံရှာယာန်နဲ့ တန်ဂျာ ကျေးရွာ ကြားမှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဖေဖော်ဝါရီ ၁၈ ရက်က အင်စီယာန်ရွာအနီး စစ်ကောင်စီတပ်ရဲ့ ရှိန်ဂတ်ဘွမ်စခန်းကို KIA နဲ့ PDF ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် ဒီနေ့ ငါးရက်မြောက်နေ့ အထိလည်း မြေပြင်တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ ပြောပါတယ်။

မြစ်ကြီးနား - ပူတာအို လမ်းပေါ်က လုံရှာယာန်၊ ဆွမ်ပီယာန်၊ အင်စီယာန် ရွာသုံးရွာက ဒေသခံ ခြောက်ထောင်ကျော် တောတောင်တွေထဲကို ထွက်ပြေးတိမ်းရှောင်နေကြရတယ် လို့လည်း ဆိုပါတယ်။

စစ်ကောင်စီတပ်တွေက ပူတာအိုမြို့ပေါ်နဲ့ မြစ်ကြီးနားဘက် သွားတဲ့လမ်းတွေကို ပိတ်ထားတဲ့အတွက် ဒေသခံတွေဟာ တောတောင်တွေထဲမှာပဲ ဒုက္ခရောက်နေကြရတယ် လို့ ပြောပါတယ်။

တောထဲမှာ ထွက်ပြေးတိမ်းရှောင်နေရတဲ့အတွက် အစားအသောက်၊ ဆေးဝါး၊ မိုးကာတွေက အစ အခက်အခဲတွေ ရှိနေသလို အခုလို လေယာဉ်နဲ့ ပစ်ခတ်တိုက်ခိုက်ခံရတဲ့အတွက် တောတောင်တွေထဲ နေရတာတောင် မလုံခြုံတော့ဘူးလို့လည်း စစ်ဘေးဒုက္ခသည် အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ကချင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ KIA တို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်ကနေ ဒီနေ့အထိ တိုက်ပွဲပေါင်း အကြိမ် ၂၀ ကျော် ဖြစ်ပွားခဲ့ပြီး နောက်ထပ်လည်း စစ်ရေးတင်းမာမှုတွေ ရှိနေဆဲပဲလို့ KIO သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက RFA ကို ဖေဖော်ဝါရီ ၂၁ ရက် မနေ့က ပြောပါတယ်။

ကချင်ပြည်နယ်တစ်ခုလုံးမှာ စစ်အာဏာသိမ်းမှုနောက်ပိုင်း တစ်ကျော့ပြန် ဖြစ်ပွားလာတဲ့ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူပေါင်း နှစ်သောင်းခန့်အထိ ရှိနေတယ်လို့ ဒုက္ခသည်အရေး ကူညီသူတွေက ခန့်မှန်းကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။