KNU နယ်မြေ ဘုရားသုံးဆူမြို့အနီးက မိုင်းတွင်းတွေ ဒုတိယအကြိမ်ဗုံးကြဲခံရ

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့နဲ့ မိုင် ၂၀ ခန့်အကွာမှာရှိတဲ့ သပြုခနောက်စိမ်း မိုင်းတွင်း အမှတ် (၁) နဲ့ (၂) ကို နိုဝင်ဘာလ ၂၁ ရက်နေ့ညနဲ့ ၂၂ ရက်နေ့မနက်ပိုင်းမှာ စစ်ကောင်စီဘက်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက် ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါပေမဲ့ ခနောက်စိမ်းပုံထားတဲ့ အပုံပေါ်မှာပဲ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ထိခိုက် သေဆုံးမှုမရှိခဲ့ဘူးလို့ ဒေသခံတစ်ဦးက RFA ကို ဒီနေ့ ပြောပါတယ်။
“အဲဒီတုန်းကဖြစ်တာတော့ ဘာမှတော့မဖြစ်ဘူး။ ဘာမှမဖြစ်ဘူးဆိုတာက ခနောက်စိမ်းတွေ ပုံထားတဲ့အပုံပေါ်မှာပဲ သူတို့က သွားကျတာလေ”
အဲဒီမိုင်းတွင်းတွေဟာ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) ထိန်းချုပ် နယ်မြေထဲမှာရှိပြီး အမှတ် (၁) ကနေ အမှတ် (၁၀) အထိ လုပ်ကွက်ချထားပေးထား တာဖြစ်သလို KNU ကို အခွန်ဆောင်နေရတဲ့ နေရာတွေဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၆ ရက်နေ့ကလည်း စစ်ကောင်စီဘက်က အဲဒီသပြုမိုင်းတွင်း လုပ်ကွက်တွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် မြန်မာမိုင်းတွင်း လုပ်သား သုံးဦးသေဆုံးခဲ့ပြီး တရုတ်နိုင်ငံသား သုံးဦး အပါအဝင် ခြောက်ဦး ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
KNU ဗဟို ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးကို RFA က နိုဝင်ဘာလ ၁၆ ရက်နေ့က ဆက်သွယ်မေးမြန်းရာမှာ ဒဏ်ရာရတဲ့သူတွေထဲမှာ အသက် ၅၂ နှစ်အရွယ် ဇူဂျင်းမေ ဆိုသူ တရုတ်နိုင်ငံသားတစ်ဦး ပါတယ်လို့ အတည်ပြု ပြောဆိုထားပါတယ်။
လက်ရှိ သပြုမိုင်းတွင်းက မိုင်းတွင်းလုပ်သားတွေဟာ စစ်ကောင်စီတပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် နေ့ဘက်မှာအလုပ်လုပ်ပြီး ညဘက်မှာတော့ ကျောက်ဂူတွေထဲ ပုန်းအောင်းနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သပြုမိုင်းတွင်းဒေသမှာ အစိုးရကတရားဝင်ခွင့်ပြုထားတဲ့ သတ္တုတူးဖော်ရေးလုပ်ငန်း၊ သတ္တုရှာဖွေရေးလုပ်ငန်းဆိုတာ အရင်ကရှိခဲ့ပေမယ့် အခုမရှိဘူးလို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက နိုဝင်ဘာလ ၁၆ ရက်နေ့မှာ ပြောဆိုထားပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၆ ရက်နေ့ကလည်း ဘုရားသုံးဆူမြို့နဲ့ သုံးမိုင်ခန့်အကွာမှာရှိတဲ့ မက္ကသာရွာကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် ရွာဘုန်းကြီးကျောင်း အပါအဝင် နေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့ပါတယ်။