ဖာပွန်ခရိုင်မှာ တစ်လအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားသုံးဦးသေ

RFA Burmese
2023.03.07
ဖာပွန်ခရိုင်မှာ တစ်လအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားသုံးဦးသေ KNU တပ်မဟာ ၅ နယ်မြေအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့ရသည့် နေအိမ်များအား ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအတွင်းက တွေ့ရစဉ်။
မူတြော်သတင်းစဉ်

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေ၊ တပ်မဟာ ၅ မှာ ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ခုနစ်ကြိမ်ပြုလုပ်ခဲ့ပြီး ဒေသခံ အရပ်သားသုံးဦးသေဆုံးကာ လေးဦးဒဏ်ရာရရှိခဲ့တယ်လို့ KNUက မတ်လ ၆ ရက်မှာ ထုတ်ပြန်ပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် နေအိမ် ၃၆ လုံးလည်း ပျက်စီးခဲ့ပါတယ်။

တစ်လအတွင်း KNU လက်အောက်ခံ KNLA ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်အကြား တိုက်ပွဲ ၁၇၈ ကြိမ်ဖြစ်ပွားခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

ဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဘက်က ၆၉ ဦးသေဆုံးပြီး ၄၉ ဦးထိခိုက်ဒဏ်ရာ ရခဲ့ပေမယ့် KNU ဘက်ကတော့ နှစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့တယ်လို့ KNU က ထုတ်ပြန်ပါတယ်။

နှစ်ဖက်တပ်တွေရဲ့ ထိခိုက်သေဆုံးမှုတွေနဲ့ ပတ်သက်လို့ RFA အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

KNU နယ်မြေအတွင်း တိုက်ပွဲတွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိပါဘူး။

ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG ရဲ့ စာရင်းတွေအရ ကရင်ပြည်နယ်အတွင်းမှာ စစ်တပ်ကအာဏာသိမ်းပြီးချိန်ကစလို့ နှစ်ဖက်တိုက်ပွဲတွေကြောင့် ၂ဝ၂၃ နှစ်၊ ဖေဖော်ဝါရီလ တတိယပတ်အထိ စစ်ဘေးဒုက္ခသည် ငါးသိန်းကျော်ရှိလာပြီဖြစ်ပါတယ်

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။