မန္တလေးလေဆိပ်က လေယာဉ်မတော်တဆဖြစ်မှု ထိခိုက်ဒဏ်ရာရသူမရှိ


2019.05.12
mna-accident-622.jpg လေယာဉ်မတော်တဆမှုဖြစ်ခဲ့တဲ့ MNA လေကြောင်းခရီးစဉ်အမှတ် UB 103 ကို တွေ့ရစဉ်
Photo: Sai Thyra

ရန်ကုန်ကနေ ပျံသန်းလာတဲ့ မြန်မာအမျိုးသားလေကြောင်းလိုင်း MNA (Myanmar National Airlines) က လေယာဉ်တစ်စီးဟာ ဒီနေ့မနက် မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ကွင်းဆင်းချိန်မှာ ရှေ့ဘီးချမရဘဲ လေယာဉ်ကိုယ်ထည်နဲ့ ဆင်းသက်ခဲ့ရပြီး လေယာဉ်မတော်တဆမှု ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ လေယာဉ်ပေါ်လိုက်ပါလာသူတွေ ထိခိုက်ဒဏ်ရာရတာတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။

MNA လေကြောင်းခရီးစဉ်အမှတ် UB 103 ဟာ ဒီနေ့ မနက် ၉နာရီ ဝန်းကျင်မှာ မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ဆင်းသက်စဉ်မှာ ရှေ့ဘီးချမရတာကြောင့် နောက်ဘီးကိုအရင်ချပြီး လေယာဉ် ရှေ့ပိုင်းနဲ့ ဆင်းသက်ခဲ့ရတာဖြစ်ပါတယ်။ အဲဒီလေယာဉ်မှာ လေယာဉ်မှူးနဲ့ လေယာဉ်ဝန်ထမ်း စုစုပေါင်း ၇ ယောက်၊ ခရီးသည် ၈၂ ယောက် လိုက်ပါလာခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ဘူးလို့ သိရပါတယ်။

အဲဒီမတော်တဆမှုကြောင့် ပြည်တွင်း ပြည်ပ လေယာဉ် ခရီးစဉ်တချို့ အချိန်နှောင့်နှေးမှုဖြစ်ခဲ့ပေမယ့် နေ့လယ်ပိုင်းမှာတော့ ပြည်တွင်း ခရီးစဉ်တွေကိုတော့ ပြန်လည် ပြေးဆွဲပေးနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်ရဲ့ စီမံခန့်ခွဲရေး ဝန်ဆောင်မှု ကုမ္ပဏီ MJAS ရဲ့ အုပ်ချုပ်ရေးဌာနမှူး ဦးကျော်ဆန်းက RFA ကို ပြောပါတယ်။

လက်တလောမှာတော့ မန္တလေးတိုင်းဝန်ကြီးချုပ်လည်း လေဆိပ်ကို ရောက်ရှိနေပြီး ခရီးသည်တွေ ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ လိုအပ်တာတွေ လာရောက်စီစဉ်ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။

မေလ ၈ ရက်နေ့ ညပိုင်းကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ Biman ဘီမင်လေကြောင်းလိုင်းက ခရီးသည်တင် လေယာဉ်တစ်စီးဟာ ရန်ကုန် မင်္ဂလာဒုံ နိုင်ငံတကာ လေဆိပ်အဆင်းမှာ ပြေးလမ်းချော်ထွက်ပြီး ပျက်စီးခဲ့တဲ့အတွက် လေယာဉ်မှူးနဲ့ ဝန်ထမ်းအပါအဝင် လိုက်ပါလာသူ ၁၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မသက်စုအောင် ပေးပို့လိုက်တာပါ။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။