ကွတ်ခိုင်မှာ ဒေသခံ ငါးဦးသေဆုံးခဲ့တာ စစ်ရာဇဝတ်မှုမြောက်နိုင်တယ်လို့ AI ထုတ်ပြန်
2019.09.03

အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာအဖွဲ့အနေနဲ့ ဒီတစ်ခေါက်ပြန်လည်ဖြစ်ပွားတဲ့ လက်နက်ကိုင် ပဋိက္ခတွေထဲမှာ လူ့အခွင့်ရေးချိုးဖောက်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ထားတာတွေကို ထပ်မံတွေ့ရှိထားကြောင်း ဖော်ပြ ထားပါတယ်။
သြဂုတ် ၃၁ ရက်နေ့ ကွတ်ခိုင်မြို့ နေအိမ်တစ်လုံးပေါ် မော်တာကျရောက်ပေါက်ကွဲမှုကြောင့် သေဆုံးသွားတဲ့ အရပ်သား နှစ်ဦးနဲ့ ကလေးငယ်သုံးဦးတို့ သေဆုံးမှုဖြစ်ရပ်ကို များစွာစိတ်မကောင်းဖြစ်ရကြောင်း မနေ့က စက်တင်ဘာလ ၃ ရက်နေ့ AI ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒီလုပ်ရပ်အတွက် ဘယ်သူ့မှာတာဝန်ရှိတယ်ဆိုတာကို သဲသဲကွဲကွဲမသိရပေမယ့် အဲဒီတိုက်ခိုက်မှုဟာ စစ်ရာဇဝတ်မှု မြောက်နိုင်ကြောင်း ရေးသားထားပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်သုံးဖွဲ့က အခုလိုအရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တာဟာ မြန်မာ့တပ်မတော် ဘက်က ကျူးလွန်တာဖြစ်ကြောင်း ထုတ်ပြန်ထားသလို ကချင်နှစ်ချင်းခရစ်ယန်အသင်းချုပ် KBC ကလည်း အဲဒီမော် တာဟာ တပ်မတော်ဘက်က ပစ်ခတ်တာဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။ မနေ့ကတော့ တပ်မတော် ကာကွယ်ရေးစစ်ဦးစီးချုပ်ရုံးက မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ရဲ့ လက်ချက်ဖြစ်တယ်လို့ စွပ်စွဲထုတ်ပြန်ထားပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး OCHA ရဲ့ ထုတ်ပြန်အရ ပြန်လည်ဖြစ်ပွားလာတဲ့ ရှမ်းပြည် မြောက်ပိုင်းတိုက်ပွဲတွေအတွင်းမှာ လူပေါင်း ရှစ်ထောင်ဝန်းကျင် စစ်ဘေးရှောင်နေရပါတယ်။ အဲဒီလိုအခြေ အနေတွေဖြစ်နေပေမယ့်လည်း မြန်မာစစ်တပ်နဲ့ အရပ်သားအစိုးရတို့ဟာ လူ့အခွင့်ရေးစာနာ ထောက်ထားပေးရေး ကူညီသူများကို ကန့်သတ်မှုတွေ ဆက်ပြီးလုပ်ထားဆဲဖြစ်နေတယ်လို့ AI က ဖော်ပြပါတယ်။ ဒါ့အပြင် ကားတန်းတွေကို တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေက ပစ်မှုထားတိုက်ခိုက်မှုတွေလည်း ဖြစ်ပွားနေတယ်လို့ ပြောထားပါတယ်။
စစ်မက်ဖြစ်ပွားရာနေရာမှာ နှစ်ဖက်တာဝန်ရှိသူတွေ နိုင်ငံတကာစည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဖို့လည်း ထပ်လောင်းတိုက်တွန်းထားပါတယ်။ ကူညီပေးရေးကားတွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေဟာ နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်မှုမြောက်ကြောင်းလည်း ပြောဆိုထားပါတယ်။
တိုက်ပွဲဖြစ်ပွားနေကြတဲ့ မြန်မာ့တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်သုံး ဖွဲ့တို့အနေနဲ့ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တာမျိုးမလုပ်ဖို့၊ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ကြတဲ့ အရပ်သားတွေကို ကာကွယ်ပေးဖို့၊ လွတ်လပ်စွာ သွားလာခွင့်ပြုဖို့နဲ့ လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ ကူညီပေးရေး ဆောင်ရွက်နေသူများကို လုံလုံခြုံခြုံသွားလာခွင့်ပြုဖို့ AI က တိုက်တွန်းထားပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၁၅ ရက်မှာ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က မန္တလေးတိုင်း ပြင်ဦးလွင်မှာရှိတဲ့ တပ်မတော်နည်းပညာ တက္ကသိုလ် DSTA ကျောင်းဝင်းအပါအဝင်၊ ရှမ်းပြည်နယ် နောင်ချိုမြို့ အနီးတဝိုက် ဝင်ရောက်တိုက်ခိုက်တာကြောင့် အနည်းဆုံး ရဲ၊ စစ်သား ၁၅ ဦး သေဆုံးပြီးတော့ အရပ်သားတချို့လည်း သေဆုံးမှုဖြစ်ပွားခဲ့ပါတယ်။ အဲဒီတိုက်ခိုက် မှုနောက်ပိုင်း တပ်မတော်နဲ့ လက်နက်ကိုင်သုံးဖွဲ့ကြား တိုက်ပွဲအချိန်က ဆက်တိုက်ဆိုသလို ဖြစ်ပွားနေတာပါ။
တပ်မတော်နဲ့ မြောက်ပိုင်းမဟာသုံးဖွဲ့ငြိမ်းချမ်းရေးစကားပွဲ စတင်နိုင်ဖို့ တရုတ်နိုင်ငံရဲ့ တိုက်တွန်းချက်ကြောင့် ပြီးခဲ့တဲ့ ရက်ပိုင်းမှာပဲ အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နဲ့ မဟာမိတ်သုံးဖွဲ့တို့ ကျိုင်းတုံမှာတွေ့ဖြစ်ခဲ့ကြပါတယ်။ အဲဒီဆွေးနွေးပွဲကျင်းပနေတဲ့ရက်မှာပဲ မော်တာတစ်လုံး ကွက်ခိုင်မြို့ကနေအိမ်ပေါ် ကျရောက်ပေါက်ကွဲပြီး အရပ်သား ငါးဦး သေဆုံးမှုဖြစ်ပွားခဲ့တာပါ။
(RFA သတင်းထောက် ကိုမိုးမြင့် ပေးပို့သည်)