မတရားအသင်းနဲ့ ဖမ်းဆီးထားသူတွေကို လွှတ်ပေးဖို့ AHRC တောင်းဆို
2013.01.22
နှစ်ဘက်တိုက်ပွဲတွေအတွင်း မတရားအသင်းနဲ့ ဆက်သွယ်မှုနဲ့ ဖမ်းဆီးထားတဲ့ အမှု ၃၆မှုနဲ့ ပတ်သက်ပြီး မေတ္တာရပ်ခံစာ ထုတ်ပြန်တာလို့ AHRC ရှေ့နေ ဦးမင်းလွင်ဦး ကအခုလို ပြောပါတယ်။
“နှစ်ဘက်စစ်ပွဲတွေ ဖြစ်ပွားနေတဲ့ကြားထဲမှာ ရွာသားတွေကို မတရားအသင်းနဲ့ ဆက်သွယ်ဆောင်ရွက်တယ်ဆိုပြီး ပုဒ်မတွေတပ်ပြီးတော့ ဖမ်းဆီးနှိပ်စက်တာတွေရှိတယ်၊ အရေးယူထားတာတွေရှိတယ်၊ အဲဒီ့လူတွေကို တရားရုံးတင်စစ်ဆေးခြင်းမရှိဘဲနဲ့ အကျဉ်းထောင်တွေအတွင်းမှာ ယမန်လည်းမယူဘဲနဲ့ ယခုထက်တိုင် ချုပ်နှောင်ထားတယ်၊ တချို့ရုံးတင်ပြီးတော့ စစ်ဆေးတဲ့အမှုတွေမှာလည်း သက်သေအထောက်အထား ခိုင်ခိုင်လုံလုံမရှိဘဲနဲ့ အပြစ်ပေးဖို့ဆောင်ရွက်နေတာကိုလည်း ကျနော်တို့ ကြားသိရတယ်”
တိုက်ပွဲတွေဖြစ်ပွားတဲ့ဒေသတွေမှာ ရွာသားတွေဟာ အစိုးရတပ်လာရင် ဆက်ဆံရပြီး KIO/KIA တို့ဘက်က ဝင်လာရင်လည်း ဆက်ဆံကြရတယ်လို့ဆိုပါတယ်။
AHRC က ထုတ်ပြန်တဲ့ ကြေညာချက်မှာ မဟုတ်မမှန်ဘဲ ဖောက်ခွဲမှုနဲ့ စွပ်စွဲခံရသူ၊ ကေအိုင်အေ အရာရှိလို့ စွပ်စွဲခံရသူ၊ ကေအိုင်အေနဲ့ ဆက်သွယ်တယ်လို့ စွပ်စွဲခံရသူတွေရဲ့ မိသားစုဝင်တွေရဲ့ ထွက်ဆိုချက်တွေကိုလည်း ပူးတွဲတင်ပြထားပါတယ်။