အငူမော်တိုက်ပွဲအတွင်း ဒေသခံတစ်ဦး သေဆုံး


2019.09.22
ahngumaw-harbor-622.jpg ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်က အငူမော်ဆိပ်ကမ်းကို တွေ့ရစဉ်
ဓါတ်ပုံ - မင်းသိန်းအောင်/ RFA

တပ်မတော်နဲ့ ရခိုင့်တပ်တော် AA တို့ ဒီရက်ပိုင်းအတွင်း လင်းမြွေတောင်တဝိုက်နဲ့ အငူမော်ဆိပ်ကမ်းအနီးမှာ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။ မနေ့က ရသေ့တောင်မြို့နယ် အငူမော်ရွာအနီး ဆိပ်ကမ်းကို ဆိုက်ကပ်မယ့် တပ်သဘောၤတစ်စီးကို AA က ဗုံးခွဲတိုက်ခိုက်ခဲ့တာကြောင့် အပြန်အလှန်ပစ်ခတ်ခဲ့တယ်လို့ တပ်မတော်က ပြောပါတယ်။

အဲဒီတိုက်ပွဲအတွင်း ဖရဲစိုက်ခင်းမှာ အလုပ်လုပ်နေတဲ့ တောင်သူတစ်ဦး သေဆုံးခဲ့ပါတယ်။ ဘယ်အဖွဲ့က ပစ်လိုက်တဲ့ ကျည်လဲဆိုတာကိုတော့ အတိအကျမသိရပါဘူး။

မနေ့ မနက်ကတည်းဖြစ်တဲ့ တိုက်ပွဲကြောင့် သေဆုံးသူရဲ့ ရုပ်အလောင်းကို ချက်ချင်းမသယ်ယူနိုင်ပဲ ညနေစောင်း တိုက်ပွဲတွေ ငြိမ်သွားချိန်မှာမှ သယ်ယူခဲ့ရတယ်လို့ ရွာခံတွေက ပြောပါတယ်။

အငူမော်ရွာမှာ နေထိုင်တဲ့ ဒေသခံတစ်ဦးက မနေ့က တိုက်ပွဲနဲ့ပတ်သက်လို့ အခုလိုပြောပါတယ်။

"အဲနားမှာ သင်္ဘောကပ်လာတာနဲ့ ဗုံးပေါက်ကွဲတာလို့ သိတယ်၊ ဗုံးပေါက်ကွဲတာနဲ့ သင်္ဘောက ပြန်ပြီးတော့ ထွက်သွားပြီးတော့ သင်္ဘောက မြစ်ကြောင်းထဲမှာ ပတ်နေတယ်၊ ပတ်နေတာကနေ ပြန်ကပ်လာပြီးတော့ လက်နက်ကြီးနဲ့ ပစ်ခတ်တာပေါ့ အဲဒီအချိန်မှာ ထိသွားတာ"

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးပြောတာက -

"အငူမော် ဇက်ဆိပ်မှာ အတက်အဆင်းလုပ်တဲ့အခါမှာ ကျွန်တော်တို့ တပ်တွေမရောက်ခင် သုံးမိနစ်၊ လေးမိနစ်လောက်အလိုမှာ မီတာ ငါးရာလောက်အလိုမှာ သူတို့ခွဲတာ၊ ခွဲတဲ့အတွက်ကြောင့် သူပစ် ကိုယ်ပစ် ပစ်လိုက်တယ်၊ ပစ်လိုက်တဲ့အတွက်ကြောင့် အရပ်သားတစ်ယောက် သေတယ်ပြောတယ်၊ အသက် ၆၀ အရွယ် ဦးလေးတစ်ဦး ဘယ်ကပစ်တဲ့ကျည်မှန်ပြီးဆုံးသွားလည်းတော့ ကျွန်တော်တို့ မသိဘူးပေါ့နော်၊ အခုနောက်ပိုင်း ကျွန်တော်တို့တပ်တွေ အုပ်ချုပ်မှုလုပ်တဲ့အခါမှာ မိုင်းခွဲတာအမြဲတမ်းရှိတယ်၊ ရွာတွေနဲ့ လွတ်လွတ်ကင်းကင်းမှာ ခွဲတာမဟုတ်ဘူး၊ အဲလိုခွဲတဲ့အတွက်ကြောင့် သူပစ်ကိုယ်ပစ် ပစ်တဲ့အခါမှာ ဒီလိုပစ်နေလို့ကတော့ မလိုလားအပ် တဲ့ ဖြစ်စဉ်၊ ဖြစ်ရပ်တွေ ဖြစ်နေမှာပေါ့"

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ ရခိုင့်တပ်တော် AA ကို RFA က ဆက်သွယ်ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

ဒီနေ့တော့ အငူမော်တဝိုက် တိုက်ပွဲသံတွေ မကြားရဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

ရခိုင်ပြည်နယ်က မြို့နယ်အတော်များများမှာ တိုက်ပွဲတွေကြောင့် အရပ်သားသေဆုံးတာ များလာနေသလို လုပ်ကြံသတ်ဖြတ်ခံရသူ အရေအတွက်လည်း မြင့်တက်လာပါတယ်။

ဒီနေ့မနက်ခင်းမှာပဲ ကျောက်တော် က တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်ကြပ်တစ်ဦး နဲ့ ဘူးသီးတောင်က စစ်မှုထမ်းဟောင်းတစ်ဦး လုပ်ကြံသတ်ဖြတ်ခံခဲ့ရပါတယ်။

ကျောက်တော်မြို့ဆိပ်ကမ်းတာဝန်ခံဖြစ်တဲ့ အသက် ၅၀ ကျော်အရွယ် ရဲတပ်ကြပ် ဦးမောင်လှက ဒီနေ့မနက်မှာ သူ့နေအိမ်အနီးမှာ ဓားထိုးခံရလို့ သေဆုံးခဲ့ပါတယ်။ လုပ်ကြံသူတွေကို ဖမ်းမိခြင်းမရှိသေးပေမယ့် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဘာကြောင့်လုပ်ကြံသတ်ဖြတ်တယ် ဆိုတာကို အတိအကျမသိရပေမယ့် နယ်မြေတည်ငြိမ်မှုမရှိလို့ တရားဥပဒေစိုးမိုးရေးအားနည်းနေချိန်မှာ အခုလို လုပ်ရပ်တွေ စိပ်လာတဲ့အပေါ် ဒေသခံတွေကတော့ စိုးရိမ်နေကြပါတယ်။

ကျောက်တော်မြို့ခံ ဦးကျော်လှမြင့်က အခုလိုပြောပါတယ်။

"ချိတ်ဆက်မှု အားနည်းတဲ့အပေါ်မှာ တချို့ဌာနဆိုင်ရာတွေက တချို့ဝန်ထမ်းတွေအပေါ်မှာ ပုဂ္ဂိုလ်ရေးကဏ္ဍတွေ ပဋိပက္ခတွေ ရှိချင်လည်းရှိမှာပေါ့၊ အဲဒီအပေါ်မှာ မူတည်ပြီး အုပ်ချုပ်ရေးအားနည်းတဲ့အချိန်မှာ ပုဂ္ဂိုလ်ရေး ရန်ညှိုး ရန်စတွေနဲ့ လုပ်တယ်လို့ ယူဆပါတယ်"

အလားတူ ဘူးသီးတောင်မြို့နယ် ၆ ရပ်ကွက်မှာနေထိုင်တဲ့ တပ်မတော်သားဟောင်း တစ်ယောက်လည်း ဒီနေ့မနက်က ဓားထိုးခံရလို့ သေဆုံးခဲ့ပါတယ်။

ဒီလိုလုပ်ကြံသတ်ဖြတ်ခံရမှုတွေနဲ့ ပတ်သက်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က အခုလိုပြောပါတယ်။တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်း

"ကျွန်တော်တို့ တရားဥပဒေစိုးမိုးရေး ဆောင်ရွက်နေတဲ့ ရဲတပ်ဖွဲ့ ဝင်တွေ အရပ်ဘက်ကျေးရွာတွေမှာရှိတဲ့ အုပ်ချုပ်ရေးမှူးတွေ သတင်းသမားတွေ စစ်မှုထမ်းဟောင်း အငြိမ်းစားတွေ သတ်ဖြတ် ခံရမှု ပိုမိုများပြားလာ တာတွေ့ရပါတယ်၊ ပြည်သူလူထုကလည်း စိုးရိမ်ထိတ်လန့်မှု ပိုမိုကြီးမားလာတာတွေ့ရပါတယ်၊ ကျွန်တော်တို့ သိထားသလောက်စာရင်းအရဆိုရင် ၂၀၁၈ စက်တင်ဘာလ ကနေစပြီး ဒီလပိုင်းအတွင်း ဒီနှစ်ယောက်မပါဆိုရင် ရဲဝန်ထမ်း နှစ်ယောက် အရပ်သား ၂၁ ယောက်ပေ့ါ စုစုပေါင်း ၂၃ ယောက် ရှိကြောင်း တွေ့ရပါတယ်"

ဒီလိုအမှုတွေအတွက် အရေးယူဆောင်ရွက်ထားတဲ့ အခြေအနေတွေကို သိရှိနိုင်ဖို့ ပြည်နယ်ရဲမှူးကြီး ကြည်လင်း၊ ဒုရဲမှူးကြီး မောင်မောင်စိုးတို့ကို RFA က ဆက်သွယ်ပေမယ့် ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး။

သြဂုတ်လအတွင်းမှာလည်း ကျောက်တော်မြို့နယ်ရဲတပ်ဖွဲ့မှူး ဓားထိုးခံရလို့ သေဆုံးခဲ့သလို ပြီးခဲ့တဲ့တပတ်လောက် ကလည်း အမ်းမြို့နယ်မှာ စစ်မှုထမ်းဟောင်းတယောက် သေနတ်နဲ့ပစ်ခတ်လုပ်ကြံခံရလို့ သေဆုံးခဲ့ပါတယ်။

မနေ့က မြောက်ဦးမြို့နယ်မှာတော့ တပ်မတော်စစ်ကြောင်းတစ်ခုက အိုးထိန်းရွာက ဆရာတော်တစ်ပါး၊ ရွာအုပ်ချုပ်ရေးမှူးနဲ့ ရွာသားတစ်ဦးကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ထိန်းသိမ်းခံထားရသူတွေကို သွားရောက်တေ့ွဆုံဖို့ကြိုးစားတဲ့ ဆရာတော်တွေကို တပ်မတော်အရာရှိတစ်ဦးက မြို့နယ်နဲ့ ပြည်နယ်အဆင့် သံဃမဟာနာယကဆရာတော်တွေရဲ့ ထောက်ခံချက် ယူလာဖို့ ပြောတယ်လို့ မြောက်ဦးမြို့က မြို့ဦးခေါင်းဆရာတော် အရှင်ဝဏ္ဏသာရ က RFA ကို မိန့်ပါတယ်။

ဘာကြောင့်ဖမ်းဆီးထားသလဲဆိုတာကိုတော့ အတိအကျမသိရသေးပါဘူး။

အဲဒီကိစ္စနဲ့ပတ်သက်လို့ ဗိုလ်မှူးကြီး ဝင်းဇော်ဦး ကို မေးမြန်းရာမှာ - သူ့အနေနဲ့ သေချာမသိသေးတဲ့အတွက် မဖြေကြားနိုင်သေးဘူးလို့ ပြောပါတယ်။

၂၀၁၈ ဒီဇင်ဘာလကစတင်ခဲ့တဲ့ ရခိုင့်တပ်တော် AA နဲ့ တပ်မတော်တို့ တိုက်ပွဲတွေအတွင်း သေဆုံးသူ အရပ်သား ၇၂ ယောက်၊ ဒဏ်ရာရသူ ၁၅၉ ယောက်နဲ့ AA နဲ့ဆက်စပ်တယ်ဆိုတဲ့ သံသယနဲ့ အမှုဖွင့်ခံရသူ ဖမ်းဆီးခံထားရသူ ၁၉၀ ကျော်ရှိနေပြီလို့ ဒေသအခြေစိုက် ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး REC က ပြုစုထားတဲ့ စာရင်းတွေအရ သိရပါတယ်။

တနေ့ထက်တနေ့ သေဆုံးထိခိုက်သူ၊ ဖမ်းဆီးထိန်းသိမ်းခံရသူတွေ များလာတဲ့အခြေအနေကို REC က ဦးဇော်ဇော်ထွန်း က အခုလိုပြောပါတယ်။ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး REC  အတွင်းရေးမှူး ဦးဇော်ဇော်ထွန်း

"တပ်မတော်ဘက်ကြည့်မယ်ဆိုရင်လည်း AA ကို ထောက်ပံ့ပေး တယ်ဆိုတဲ့ စဉ်းစားချက်တွေနဲ့ ရွာတွေကို ဝင်ရောက် အကြမ်းဖက်တာတွေ အများကြီးရှိလာတယ်၊ AA ကလည်း တပ်လှုပ်ရှားမှုတွေ အပေါ်မှာ တပ်မတော်ကို သတင်းပေး တယ်ဆိုတာမျိုး အယူအဆမျိုးတွေရှိလာတယ်ပေါ့၊ ဒါတွေက တိုက်ပွဲဖြစ်လာတာနဲ့ အမျှ လူထုကိုပဲ နှစ်ဖက်လုံးက မဲလာတာ မျိုးတွေဖြစ်လာတာပေါ့၊ ပြည်သူအစစ်တွေပါပဲ တကယ်တမ်းတော့ တိုက်ပွဲတွေ လျော့ချနိုင်မယ့် နည်းလမ်းတွေကို မရလာဘူး ဆိုရင်တော့ နှစ်ဖက်မှာ ပြင်ထန်လာမယ့်သဘော ရှိနေပါတယ်၊ တိုက်ခိုက်မှုတစ်ခုဖြစ်ပြီဆိုရင် ဒီတိုက်ခိုက်မှုမှာ ဘယ်သူတွေ ပါဝင်ပတ်သက်လည်းဆိုတဲ့ သံသယက နှစ်ဘက်လုံးမှာ ထားတယ်ပေါ့နော်၊ စာနာထောက်ထားမှုတွေက အဓိကမကျဘူး၊ သံသယကပဲ အဓိကဖြစ် တယ်ပေါ့လေ၊ အဲအပေါ်မှာ အခြေခံ ပြီးတော့ပဲ လုပ်တယ်၊ ဆိုလိုချင်တာက သတင်းကို အထောက်အထား ခိုင်ခိုင်လုံလုံရအောင် မစောင့်နိုင်ပဲ သံသယနဲ့ကို အရေးယူမှုတစ်ခုလုပ်လိုက်တယ်ပေါ့၊ အဓိကတော့ တိုက်ပွဲတွေ လျော့ကျအောင် မဆွေးနွေးနိုင် တဲ့အခါမှာ နောက်ဆက်တွဲစဉ်းစားချက်တွေမှာ သံသယတွေထားလာတယ်ပေါ့၊ ဒါကလည်း နောက်လည်း ဖြစ်လာအုံးမှာပါ"

ဒီစာရင်းတွေထဲမှာ ပျောက်ဆုံးနေသူတွေကို ထည့်သွင်းထားခြင်း မရှိသေးပါဘူး။ တိုက်ပွဲဒေသတွေမှာ အကြောင်းအရင်းမရှိပဲ ပျောက်ဆုံးနေသူ အခုဆိုရင် ၁၀ ယောက် ကျော်နေပြီလို့လည်း သိရပါတယ်။

နှစ်ဘက်တိုက်ပွဲတွေအကြား ထိခိုက်နစ်နာသူတွေက အရပ်သားတွေဖြစ်နေတဲ့အတွက် အမြန်ဆုံး တိုက်ပွဲတွေ ရပ်တန့်ဖို့ ဒေသခံတွေ၊ အရပ်ဖက်အဖွဲ့တွေနဲ့ လွှတ်တော်အမတ်တွေက တောင်းဆိုနေကြပါတယ်။

(RFA သတင်းထောက် မဇင်မာဝင်း က စုစည်းတင်ပြသည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။