အငြိမ်းစားဝန်ထမ်းတွေကို ဦးစားပေးရောင်းချမယ့် တန်ဖိုးနည်း အိမ်ရာ ဆောက်လုပ်မည်


2016.12.26
winnaing-620.jpg မြို့ပြနဲ့ အိမ်ရာဖွံ့ဖြိုးရေးဌာန၊ အိမ်ရာဖွံ့ဖြိုးရေးဌာနခွဲ လက်ထောက်ညွန်ကြားရေးမှူး ဦးဝင်းနိုင်ကို ဒီဇင်ဘာလ ၂၆ ရက်နေ့က တွေ့ရစဉ်
Photo: Win Ko Ko Latt/ RFA

နေအိမ်ပိုင်ဆိုင်မှုမရှိတဲ့ အငြိမ်းစားဝန်ထမ်းတွေကို ဦးစားပေးရောင်းချမယ့် တန်ဖိုးနည်းအိမ်ရာတွေကို နေပြည်တော် မှာ လာမယ့် ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်မှာ စတင်ဆောက်လုပ်မယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

အခန်းပေါင်း ၂၁၀၀ ကျော်ပါဝင်မယ့် အဲဒီစီမံကိန်းကို ဒက္ခိဏသီရိမြို့ပတ်လမ်းနဲ့ ရာဇဌာနီလမ်းကြားမှာရှိတဲ့ ရန်အောင်မြင်ကြိုးဝိုင်းမှာ ဆောက်လုပ်မှာဖြစ်တယ်လို့ မြို့ပြနဲ့ အိမ်ရာဖွံ့ြဖိုးရေးဌာန၊ အိမ်ရာဖွံ့ဖြိုးရေးဌာနခွဲ လက်ထောက်ညွန်ကြားရေးမှူး ဦးဝင်းနိုင် က ပြောပါတယ်။

"ဦးစားပေးမှာကတော့ အငြိမ်းစားဝန်ထမ်းများ၊ ကုမ္ပဏီဝန်ထမ်းများ၊ ပြည်သူများ ယာသမားတွေ တောင်သူတွေ သူတို့ကိုဦးစားပေးမှာ ဒီလိုပဲရည်ရွယ်ထားပါတယ်၊ အဲဒီပရောဂျက်ကတော့ Master Plan ဒီဇိုင်းရေးဆွဲတဲ့ အဆင့်ရောက်ပါပြီ"

အနည်းဆုံး ငွေကျပ် သိန်းတစ်ရာကနေ သိန်း ၃၀၀ အထိ တန်ဖိုးရှိမယ့် တန်ဖိုးနည်းအိမ်ရာ ဝယ်ယူလိုသူတွေ အနေနဲ့ ဆောက်လုပ်ရေးနဲ့ အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှာ တိုက်ခန်းရဲ့ ၃၀ ရာခိုင်နှုန်း စတင်စုဆောင်းရမှာဖြစ်ပါတယ်။

တိုက်ခန်းတန်ဖိုး ၃၀ ရာခိုင်နှုန်းပြည့်ရင် ကျန်တဲ ၇၀ ရာခိုင်နှုန်းကို ဘဏ်က စိုက်ထုတ်ဝယ်ယူပေးမှာဖြစ်ပြီး အတိုးနှုန်း ၉ ရာခိုင်နှုန်းနဲ့ ကျန်တဲ့ ၇၀ ရာခိုင်နှုန်းကို ၁၅ နှစ်အတွင်း တစ်လကို ငွေကျပ် တစ်သိန်းကနေ ကျပ်ငါးသိန်း အတွင်း ပေးသွင်းရမှာဖြစ်ပါတယ်။

အဲဒီအိမ်ရာကို RC ကွန်ကရစ်နဲ့ ဆောက်လုပ်မှာဖြစ်တဲ့အတွက် နှစ် ၅၀ ကနေ နှစ် ၇၀ ကြား သက်တမ်းရှိမှာဖြစ် တယ်လို့လည်း ဦးဝင်းနိုင်က ပြောပါတယ်။

လတ်တလောအနေနဲ့ ဥတ္တရသီရိမြို့နယ်၊ ရွှေနံ့သာရွာမှာ တိုက်ခန်း ၄၇၀ ကျော်ပါရှိမယ့် ရှေ့ပြေးအိမ်ရာစီမံကိန်းကို အကောင်အထည်ဖော်နေတယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။