နိုင်ငံသား မဟုတ်သူများအတွက် အိမ်ယာစီမံချက် ဒေသခံများ ကန့်ကွက်
2013.03.02

ရခိုင်ပြည်နယ်အတွင်း ဒုက္ခသည်စခန်းတွေမှာ မှီခိုနေကြတဲ့ နိုင်ငံသားမဟုတ်သူ ဒုက္ခသည်တွေအတွက် နိုင်ငံတကာအလှူရှင်တွေက လုံးချင်းနေအိမ်တွေ ဆောက်လုပ်ပေးမယ်ဆိုတာနဲ့ ပတ်သက်ပြီး ဒေသခံ ရခိုင်တိုင်းရင်းသားတွေက မကျေနပ်တဲ့အတွက် လုံးချင်းအိမ်တွေ ဆောက်လုပ်ဖို့ စီစဉ်နေတဲ့ မြို့နယ်တွေမှာ ကန့်ကွက်ဆန္ဒပြဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
အခုလိုဆန္ဒပြမယ့်ကိစ္စကို ရခိုင်ပြည်နယ်လုံးဆိုင်ရာ လူမှုကွန်ရက်နဲ့ လူမှုအဖွဲ့အစည်းတွေ၊ မြို့နယ်တွေက ဒေသခံတွေက တညီတညွှတ်တည်းဆုံးဖြတ်ပြီး စီစဉ်ကြတာဖြစ်တယ်လို့ စစ်တွေမြို့က ဆန္ဒပြခွင့်ကို ဦးဆောင်လျှောက်ထားသူ ဒေါ်ညိုအေးက RFA ကို ပြောပါတယ်။
အဲဒီလို ဆောက်လုပ်ပေးမယ့် အစီအစဉ်ကို သဘောမတူကြောင်း ကန့်ကွက်ဆန္ဒပြသွားဖို့ စစ်တွေ၊ ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ရသေ့တောင်၊ မြေပုံ၊ ရမ်းဗြဲ၊ ကျောက်ဖြူမြို့နယ်တွေမှာ တစ်ပြိုင်နက်တည်း စီစဉ်နေတာဖြစ်တယ်လို့လည်း ဒေါ်ညိုအေးက ပြောပါတယ်။
ဆန္ဒပြမယ့်အချက်တွေထဲမှာ ဒေသခံတိုင်းရင်းသားတွေရဲ့ဆန္ဒသဘောထားကို လေးစားဖို့၊ ဒေသခံတိုင်းရင်းသားတွေရဲ့သဘောထားမပါဘဲ ရခိုင်ဒေသအရေးကို မဆုံးဖြတ်ဖို့၊ နိုင်ငံသားမဟုတ်တဲ့သူတွေကို နေအိမ်တွေ အခိုင်အမာဆောက်လုပ်မပေးဖို့၊ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအရ အရင်စိစစ်ပြီး နိုင်ငံသားမဟုတ်သူတွေကို ယာယီတဲတွေနဲ့သာ ထားရှိပေးဖို့ စတဲ့အချက်တွေပါဝင်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ဆန္ဒပြခွင့်လျှောက်ထားခဲ့ပေမယ့် အဲ့ဒီလျှောက်ထားချက်ကို မြို့နယ်ရဲရုံးက ဒေသတွင်းထုတ်ပြန်ထားတဲ့ ပုဒ်မ ၁၄၄ ကိုအကြောင်းပြကာ ပယ်ချခဲ့တဲ့အတွက် ပြည်နယ်ရုံးကို မနေ့က ဆက်လက်အယူခံဝင်ထားတယ်လို့လည်း သိရပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ ကယ်ဆယ်ရေး၊ နေရာချထားရေးနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းကော်မတီမှာပါဝင်တဲ့ စည်ပင်သာယာရေးဝန်ကြီးဌာန၊ ပြည်နယ်ဝန်ကြီး ဦးလှဟန်ကို RFA က ဆက်သွယ်မေးမြန်းခဲ့ရာမှာ အခြေအနေအရပ်ရပ်ကို စောင့်ကြည့်နေသေးတဲ့အတွက် လုံးချင်းနေအိမ်ဆောက်၊ မဆောက်ကိစ္စကို အတိအကျ သတင်းထုတ်ပြန်လို့ မရသေးကြောင်း ပြန်လည်ပြောဆိုခဲ့ပါတယ်။