စစ်တွေမှာ မရမာကြီး တိုင်းရင်းသား အိမ်ရာစီမံကိန်း ကုလသမဂ္ဂ ကူညီမည်
2014.10.31
ရခိုင်ပြည်နယ် စစ်တွေမြို့ စက်ရုံစုရပ်ကွက်(၁)မှာရှိနေတဲ့ မရမာကြီး တိုင်းရင်းသားဒုက္ခသည်အိမ်ထောင်စု ၇၂ စုအတွက် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က လုံးချင်းနေအိမ်တွေဆောက်လုပ်ပေး သွားမယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ဒီကနေ့ ပြောပါတယ်။
UNHCR ရဲ့ ရန်ပုံငွေအခြေအနေအပေါ်မူတည်ပြီး ဆောက်လုပ်ပေးသွားမှာဖြစ်တယ်လို့ ရခိုင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးလှဟန်က ပြောပါတယ်။
"အိမ်အရေအတွက်က ၇၂ လုံး၊ လုံးချင်းလေးတွေပေ့ါ၊ ဒါက မရမာကြီး တိုင်းရင်းသားတွေအတွက် သူတို့မှာရထားတဲ့ ဘတ်ဂျက်တွေက နမူနာစာလောက်ပဲရှိတဲ့အခါကျတော့ ကျနော်တို့က ဒါက နမူနာအနေနဲ့ အရင်ဆောက်ပေးလိုက်တာပေါ့၊ မြေနေရာရှိတဲ့ နေရာလေးကိုပဲ ဦးစားပေးပြီးတော့ အရင်ဆောက်ပေးလိုက်တာပါ"
မရမာကြီးတိုင်းရင်းသားအိမ်ထောင်စု ၇၂ စုဟာ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် ဇွန်လက စစ်တွေမြို့မှာဖြစ်ပွားခဲ့တဲ့ မီးရှို့အကြမ်းဖက်မှုတွေကြောင့် နေအိမ်တွေဆုံးရှုံးပြီး စက်ရုံစုရပ်ကွက်(၁)မှာရှိတဲ့ ဒုက္ခသည်တန်းလျား မှာ နေထိုင်ခဲ့ကြတာဖြစ်ပါတယ်။
မွတ်ဆလင်ဒုက္ခသည်တွေအနေနဲ့ သူတို့အရင်နေထိုင်ခဲ့တဲ့ နေရာတွေမှာ ပြန်လည်နေရာချထားပေးဖို့ အစိုးရအဖွဲ့ကိုတင်ပြတောင်းဆိုထားပေမယ့် အစိုးရအဖွဲ့က စဉ်းစားဆုံးဖြတ်တာမရှိသေးဘူးလို့လည်း ဝန်ကြီး ဦးလှဟန်က ပြောပါတယ်။