မြောက်ဦးက ဖမ်းဆီးခံထားရတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ လွှတ်ပေးဖို့တောင်းဆို
2019.03.06

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှာ မတရားအသင်းဆက်သွယ်မှုနဲ့ ဖမ်းဆီးခံနေကြရတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ၄ ဦးကို ပြန်လွှတ်ပေးဖို့ နုတ်ထွက်ခွင့်တင်ပြထားတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေက ဒီနေ့တောင်းဆိုလိုက်ပါတယ်။
နုတ်ထွက်ခွင့်တင်ပြထားတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေက စစ်တွေမြို့မှာ ဒီနေ့မနက်ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တောင်းဆိုခဲ့တာပါ။
ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ကျေးရွာအုပ်ချုပ်ရေးမှူး ၄ ဦးဟာ အစည်းအဝေးခန်းမထဲကနေ လုပ်ထုံးလုပ်နည်းတွေနဲ့အညီမဟုတ်ဘဲ ဖမ်းဆီးခံရတာဖြစ်သလို အဲဒီ ၄ ဦးစလုံးဟာ မတရားအသင်းနဲ့ ဆက်သွယ်တယ်ဆိုတာ မယုံကြည်တဲ့အတွက် ပြန်လွှတ်ပေးဖို့ တောင်းဆိုတာလို့ အုပ်ချုပ်ရေးမှူးတွေက ပြောပါတယ်။
ဒါ့အပြင် ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေဟာ လုံခြုံမှုမရှိတော့ဘူးလို့ ခံစားလာကြရတဲ့အတွက် မြို့နယ်တစ်ခုလုံးက အုပ်ချုပ်ရေးမှူးတွေ နုတ်ထွက်ဖို့ ဆုံးဖြတ်ခဲ့ကြတာလို့လည်းပြောပါတယ်။
ဒီနေ့ စစ်တွေမြို့ အားသစ် လက်ဖက်ရည်ဆိုင်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ၄ ဦးကို ပြန်လွှတ်ပေးဖို့ နုတ်ထွက်ခွင့်တင်ပြထားတဲ့ ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေက ဒီနေ့ ဆောင်းဆိုလိုက်ကြပါတယ်။
"ဒီအုပ်ချုပ်ရေးမှူး လေးယောက်သည် ကျွန်တော်တို့နဲ့ လက်တွဲပြီး ဒေသဖံ့ွဖြိုးရေးအလုပ်တွေ ဒုက္ခသည်အရေးတွေ အကုန်လုံးကို ဆောင်ရွက်ခဲ့ကြတဲ့လူတွေဆိုတော့ သူတို့မှာ တခြားပြဿနာ တစ်စုံတစ်ရာ၊ ဥပဒေမဲ့ဆိုတာမျိုး မတေ့ွခဲ့ရဘူး။ ရှိကောင်းရှိနိုင်ဘူး။ ဒါပေမဲ့ ကျွန်တော်တို့ မတွေ့ခဲ့ရဘူး။ အဲဒါကြောင့် သူတို့ကို အမြန်ဆုံးလွှတ်ပေးစေချင်တယ်။ အဲဒါတစ်ခုတော့ ပြည်နယ်အစိုးရကို တောင်းဆိုချင်တယ်"
သံရှင်ပြင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်မောင်ဆန်းက သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ပြိုင်းချကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ဦးစိန်၊ ရန်အောင်ပြင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိန်လှမောင်၊ ကျောက်ဆည်ပြင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ထွန်းနဲ့ ပေါက်ပင်ကွင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်မောင်ရွှေတို့ကို မြောက်ဦးမြို့နယ် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တာပါ။
အဲဒီနေ့ကဖမ်းဆီးတာ၊ အမှုဖွင့်တာတွေအတွက် မြို့နယ်အုပ်ချုပ်ရေးမှူးကို ကြိုတင်အသိပေးတာမရှိခဲ့တဲ့အတွက် ဒါဟာ အုပ်ချုပ်ရေးမှူးတွေကို သွယ်ဝိုက်တဲ့နည်းနဲ့ ခြိမ်းခြောက်လိုက်တာပဲလို့ တိန်ညိုကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝေလှအောင် ကပြောပါတယ်။
"ကျွန်တော်တို့ မြို့နယ်အုပ်ချုပ်ရေးမှူး ကိုတောင် တစ်စုံတစ်ရာ အကြောင်းကြားခြင်းမရှိဘဲ အစည်းအဝေးခန်းမထဲကနေ ကျေးရွာအုပ်ချုပ်ရေးမှူး ၄ ဦး ကို ဖမ်းဆီးခေါ်ဆောင်သွားတာဟာ ကျေးရွာအုပ်ချုပ်ရေးမှူး အကုန်လုံးကို ခြိမ်းခြောက်တယ်လို့ပဲ ကျွန်တော်တို့စိတ်ထဲမှာ ခံစားရတယ်"
အကြောင်းကိစ္စတစ်ခုရှိတယ်ဆိုပြီး ရဲတပ်ဖွဲ့က မြို့နယ်အုပ်ချုပ်ရေးမှူးထံကို ပြောဆိုခဲ့ရာမှာ မြို့နယ်အုပ်ချုပ်ရေးမှူးကလည်း သူ့ရဲ့ ရုံးခန်းထဲမှာ ထိုင်စောင့်နေခဲ့ပေမယ့် ရဲတပ်ဖွဲ့က အစည်းအဝေးခန်းမထဲကနေ ခေါ်ဆောင်သွားခဲ့တာဖြစ်တယ်လို့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေက ပြောပါတယ်။
အဲဒီနေ့က ရပ်ကျေးအုပ်ချုပ်ရေးမှူး ၄ ဦးကို ဖမ်းဆီးခဲ့တာနဲ့ပတ်သက်ပြီးတော့ ပြည်နယ်ရဲတပ်ဖွဲ့နဲ့ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့က ပြီးခဲ့တဲ့ မတ် ၂ ရက်နေ့က စစ်တွေမြို့မှာ သတင်းစာရှင်းလင်းပွဲတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။
အဲဒီသတင်းစာရှင်းလင်းပွဲမှာ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ ဒုတိယ ရဲမှူးကြီး မောင်မောင်စိုးကို ကျေးရွာအုပ်ချုပ်ရေးမှူး ၄ ဦးကိုဖမ်းဆီးခဲ့တာဟာ ဥပဒေနဲ့ညီသလားလို့ RFA က မေးမြန်းခဲ့ရာမှာ အခုလိုတုံ့ပြန်ခဲ့ပါတယ်။
"ဒါတွေက တကယ့်ကို အုပ်ချုပ်ရေးအဖွဲ့ဝင်တွေပါ။ လက်ထိပ်ခတ်တယ် ဘာညာ ဒီလိုအကြမ်းပတမ်း မဟုတ်ဘူး။ အားလုံး တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းဖြစ်အောင် သူတို့ကို ကြိုတင်အကြောင်းကြားထားတယ်"
အစည်းအဝေးခန်းမထဲကနေ ခေါ်ဆောင်လာတဲ့ အုပ်ချုပ်ရေးမှူး ၄ ဦးကို ရဲစခန်းမှာ စစ်ဆေးပြီးနောက် ညနေပိုင်းမှာ တပ်မတော်က မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ-၁၇(၁)(၂)နဲ့ အမှုဖွင့်လိုက်တာလည်း ဖြစ်ပါတယ်။
ရပ်ကျေးအုပ်ချုပ်ရေးမှူး ၄ ဦးကို ဖမ်းဆီးတာဟာ လုပ်ထုံးလုပ်နည်းနဲ့မညီသလို အခြားအုပ်ချုပ်ရေးမှူး တွေဟာလည်း လုံခြုံမှုမရှိတော့ဘူးဆိုပြီးတော့ မတ်လ ၁ ရက်နဲ့ ၄ ရက်နေ့တွေမှာ အုပ်ချုပ်ရေးမှူး ၉၇ ဦး နုတ်ထွက်ခွင့် တင်ပြထားကြတာဖြစ်ပါတယ်။
ရခိုင်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမောင်ဌေးက အုပ်ချုပ်ရေးမှူးတွေ အခုလို စုပေါင်းလက်မှတ်ရေးထိုးပြီး နုတ်ထွက်ခွင့်တင်ပြတာဟာ တရားမဝင်ဘဲ တစ်ဦးတစ်ယောက်ချင်းစီအနေနဲ့ တင်ပြမှသာ နုတ်ထွက်ခွင့်ပြုနိုင်မယ်လို့ မတ်လ ၂ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်။
နုတ်ထွက်ခွင့်တင်ပြထားတဲ့ အုပ်ချုပ်ရေးမှူးတွေအနေနဲ့ ပြန်လည်ခန့်အပ်မယ်ဆိုရင်တောင် စဉ်းစားရဦးမှာဖြစ်တယ်လို့ ကန်စောက်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစောနိုင်ကပြောပါတယ်။
"ကျေးရွာကိုထားတော့ ကိုယ့်လုံခြုံရေးကိုတောင် ကိုယ် အာမခံချက်မရှိတော့ဘူးဆိုရင် တခြားလူတိုင်းလည်း ဒီလိုပဲ ခံစားရမှာပဲ။ ဒီကြားထဲမှာ ရွာကို အုပ်ချုပ်ရေးမှူး လုပ်နိုင်မလား အကူအညီများ ပေးနိုင်မလား အကာအကွယ်များ ပေးနိုင်မလားဆိုတဲ့အပိုင်းကတော့ ဝိုင်းပြီးစဉ်းစားရမယ့်အပိုင်း ဖြစ်ပါတယ်"
အခုလို အုပ်ချုပ်ရေးမှူးတွေ စုပေါင်းလက်မှတ်ရေးထိုးပြီး တင်ပြထားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဌေးမောင်ကို RFA က ဆက်သွယ်မေးမြန်းခဲ့ပါတယ်။
"မတရားအသင်းနဲ့ ဖမ်းခံထားရလို့ သူတို့ကို စစ်ဆေးနေတယ်လေ။ စစ်ဆေးတာမှာ ပေါ်ပေါက်ရင်တော့ ဥပဒေအရ သွားမှာပေါ့။ မပေါ်ပေါက်ရင်တော့ ပြန်လွှတ်ပေးပါလိမ့်မယ်"
အုပ်ချုပ်ရေးမှူးတွေ အခုလို အစုလိုက် အပြုံလိုက် နုတ်ထွက်လိုက်တဲ့ကိစ္စဟာ အုပ်ချုပ်ရေးယန္တရားအပေါ် တစ်စုံတစ်ရာ အကျိုးသက်ရောက်မှုရှိနိုင်တယ်လို့ ပြောဆိုကြပေမယ့် ဒီပြဿနာဟာ သူတို့နဲ့သက်ဆိုင်ခြင်းမရှိဘူးလို့လည်း နုတ်ထွက်ထားတဲ့ အုပ်ချုပ်ရေးမှူးတွေက ပြောကြပါတယ်။
ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်မတော်(AA)နဲ့ အစိုးရတပ်မတော်တို့အကြား တိုက်ပွဲတွေနဲ့ဆက်နွယ်ပြီးတော့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့ ဒေသခံတွေဟာ AA အဖွဲ့နဲ့ဆက်သွယ်တယ်ဆိုပြီး ဖမ်းဆီးတရားစွဲမှုတွေ ပိုများလာနေပါတယ်။
အခုဆိုရင် မြောက်ဦးမြို့နယ်အပါအဝင် ရသေ့တောင်၊ ဘူးသီးတောင်မြို့နယ်တွေမှာ AA အဖွဲ့နဲ့ဆက်သွယ် တယ်ဆိုပြီး မတရားအသင်းဆက်သွယ်မှုပုဒ်မနဲ့ ဖမ်းဆီးခံနေကြရသူတွေထဲမှာ ကျေးရွာအုပ်ချုပ်ရေးမှူး ၆ ဦးနဲ့ ရာအိမ်မှူးတစ်ဦး ရှိနေပြီဖြစ်ပါတယ်ခင်ဗျာ။
ဒီသတင်းကို RFA သတင်းထောက် ကိုမင်းသိန်းအောင် နဲ့ ကိုကျော်လွင်ဦး ပေးပို့တာပါ။