နုတ်ထွက်ထားတဲ့ အုပ်ချုပ်ရေးမှူးတွေထဲက ၆၀ ဝန်းကျင် ပြန်လည်တာဝန်ထမ်းဆောင်


2019.03.24
administrators-press-sittwe-622.jpg နုတ်ထွက်ခွင့်တင်ပြထားတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ စစ်တွေမြို့မှာ ၂၀၁၉၊ မတ်လ ၆ ရက်နေ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်
Photo: Min Thein Aung/ RFA

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်မှာ နုတ်ထွက်ခွင့်တင်ထားတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေထဲက ၆၀ ဝန်းကျင်လောက် ပြန်လည်တာဝန်ထမ်းဆောင်ဖို့ တင်ပြထားတယ်လို့ ရခိုင်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးရုံး ဒုတိယညွှန်ကြားရေးမှူး ဦးဌေးမောင် က RFA ကို ပြောပါတယ်။

လတ်တလော မြို့နယ်ဘက်က တင်ပြလာတဲ့သတင်းအရ သိရတာဖြစ်ပြီး တရားဝင် စာတင်ခိုင်းထားတယ်လို့ ဦးဌေးမောင် က ပြောပါတယ်။

မြောက်ဦးမြို့နယ်အတွင်း ပြိုင်းချေ၊ ရန်အောင်ပြင်၊ ကျောက်ဆည်ပြင်၊ ပေါက်ပင်ကွင်း စတဲ့ကျေးရွာတွေက ကျေးရွာအုပ်ချုပ်ရေးမှူး ၄ ယောက်နဲ့ ဒေသခံတစ်ယောက်တို့ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်က မြို့နယ်ရဲတပ်ဖွဲ့က ခေါ်ဆောင်သွားခဲ့ပြီး မတရားအသင်း ဆက်သွယ်မှုဥပဒေပုဒ်မနဲ့ တရားစွဲဆိုခဲ့တာနဲ့ ဆက်စပ်လို့ လုံခြုံမှုမရှိတာ၊ ကာကွယ်ပေးမယ့်သူ မရှိတာ၊ ပစ်မှတ်ထားခံရတာတွေကြောင့် မြောက်ဦးမြို့နယ်က ကျေးရွာအုပ်ချုပ်ရေးမှူး ၉၈ ယောက် စုပေါင်းလက်မှတ်ရေးထိုးပြီး နုတ်ထွက်ခွင့် တင်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီနုတ်ထွက်စာနဲ့ ပတ်သက်ပြီး အထွေထွေအုပ်ချုပ်ရေးမှူးရုံးကတော့ တရားဝင်နုတ်ထွက်ခွင့် မပြုထားသေးဘူးလို့ သိရပါတယ်။

ဖမ်းဆီးခံရသူ ၅ ဦးကိုတော့ ရက္ခိုင့်တပ်မတော် AA နဲ့ အဆက်သွယ် ရှိ/မရှိ ၉ ရက်နီးပါးကြာ စစ်ဆေးခဲ့ပြီး လုံလောက်တဲ့ သက်သေအထောက်ထား မရှိဆိုပြီး ပြန်လွှတ်ပေးခဲ့ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မသီရိမင်းဇင် ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။