ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို မတရားဖမ်းဆီးတာတွေမလုပ်ဖို့ တောင်းဆို


2019.03.15
myaukoo-administrators-622.jpg မြောက်ဦးမြို့ အလိုတော်ပြည့်ကျောင်းတိုက်မှာ ပြုလုပ်တဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေရဲ့ အစည်းအဝေးကို ၂ဝ၁၉ ခုနှစ် မတ်လ ၁ ရက်နေ့က တွေ့ရစဉ်
Photo: RFA

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်က နုတ်ထွက်စာတင်ထားတဲ့ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးတွေဟာ ဒီနေ့ အစည်းအဝေးပြုလုပ်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို မတရားဖမ်းဆီးတာတွေမလုပ်ဖို့ အပါအဝင် အချက်တချို့ကို ပြည်နယ်အစိုးရထံ တင်ပြတောင်းဆိုသွားမယ်လို့ ပြောပါတယ်။

မြောက်ဦးမြို့ပေါ်မှာလုပ်တဲ့ ဒီနေ့ အစည်းအဝေးကို နုတ်ထွက်စာတင်ထားတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး အယောက် ၇၀ လောက် တက်ရောက်ကြပြီး အစည်းအဝေးဆုံးဖြတ်ချက်အရ အခုလို တောင်းဆိုသွားမယ်လို့ ကန်စောက်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစောနိုင် က ပြောပါတယ်။

"ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို မတရားဖမ်းဆီးတာတို့ မဖြစ်ရဘူးပေါ့၊ တကယ်လို့ ပြစ်မှုတွေရှိတယ်ဆိုရင် အထောက်အထား ခိုင်ခိုင်လုံလုံနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးတို့ ပြည်နယ်ဝန်ကြီးချုပ်တို့ဆီက အထောက်အထား တရားဝင်ခွင့်ပြုမိန့်ရမှ လုပ်ရမယ်ဆိုပြီးတော့ နံပါတ်တစ်အချက်ပေါ့၊ နံပါတ်နှစ်က ရွာတွေမှာ မတရားဖမ်းဆီးတာတို့၊ ပေါ်တာဆွဲတာတို့၊ လမ်းပြခေါ်တာတို့ မလုပ်ရဘူး၊ နံပါတ်သုံးက ကျေးရွာတွေက ပြည်သူတွေမှာ ဖမ်းဆီးမယ်ဆိုရင် အထောက်အထား ခိုင်ခိုင်လုံလုံနဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေဆီက ခွင့်ပြုချက်ယူပြီးမှ ဖမ်းဆီးရမှာတို့ တောင်းဆိုပါတယ်၊ နံပါတ်လေးက ဒီတောင်းဆိုချက်တွေကို တရားဝင်ပေါ့၊ နှုတ်ကတိမဟုတ်ဘဲ တရားဝင်စာထွက်ပြီးတော့ ထုတ်ပြန်ပြီးကတိပေးမယ်ဆိုရင် ကျနော်တို့က ဒီတာဝန်ကို ထမ်းဆောင်မယ်ပေါ့၊ မပေးနိုင်ဘူးဆိုရင်တော့ ကျနော်တို့ တာဝန်ကို မထမ်းဆောင်နိုင်ဘူး၊ အဲလိုမျိုးအချက် ၄ ချက်နဲ့ တောင်းဆိုမှာပါ"

မြောက်ဦးမြို့နယ်အတွင်းက နုတ်ထွက်ခွင့်တင်ထားတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေအနေနဲ့ တာဝန်တွေကို ပြန်လည်ထမ်းဆောင်နိုင်ခြင်း ရှိ/မရှိကို ဒီနေ့နောက်ဆုံးထားပြီး တင်ပြကြဖို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဘက်က ညွှန်ကြားစာ ထုတ်ထားတာလည်း ဖြစ်ပါတယ်။

အဲဒါကြောင့် ဒီနေ့ အစည်းအဝေးအပြီးမှာ မြို့နယ်အထွေထွေအုပ်ချုပ်ရေး တာဝန်ရှိသူတွေကို ကျေးရွာအုပ်ချုပ်ရေးမှူး ၁၀ ယောက်ကျော်လောက်က သွားရောက်တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

ခဏလောက် စောင့်ဆိုင်းပေးဖို့ မြို့နယ်အုပ်ချုပ်ရေးမှူးကို ဒီနေ့ သွားပြောခဲ့တယ်လို့ ဗလိပြင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သောင်းရွှေ က ပြောပါတယ်။

"မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ သွားတွေ့တာပါ၊ ကျနော်တို့က ဒီလိုအခက်အခဲတွေရှိတယ်ဆရာ၊ အဲဒါကြောင့် ရက်နည်းနည်းရွှေ့ပေးဖို့ပြောတာပေါ့၊ ထွက်ကြတာကလည်း ညီအစ်ကိုလို တူတူထွက်ကြတယ်၊ ပြန်လုပ်ရလည်း ကျနော်တို့အတူတူ ညီအစ်ကိုလို ဆုံးဖြတ်မှုနဲ့လုပ်ချင်ကြတယ်၊ ဆရာတို့ဆီကို ကျနော်တို့ တင်ပြပြီးတော့ တောင်းဆိုဖို့ရှိတယ်၊ တစ်မြို့နယ်လုံးဆိုတော့ အချိန်နည်းနည်းယူရမယ်၊ နည်းနည်းတော့ ကြာမယ်ဆရာ အဲလိုတော့ ပြောခဲ့တယ်"

ဒီလိုအများအပြား နုတ်ထွက်ကြတဲ့အခြေအနေအရ ဌာနဆိုင်ရာပိုင်းက ဘယ်လိုဆက်လုပ်မလဲဆိုတဲ့ အစီအမံကို ပြည်နယ်အစိုးရဆီ တင်ပြထားပေမယ့် ပြည်နယ်အစိုးရဘက်က လောလောဆယ် ဆိုင်းငံ့ထားဖို့ ညွှန်ကြားထားတယ်လို့ ရခိုင်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးရုံး ဒုတိယညွှန်ကြားရေးမှူး ဦးဌေးမောင် က RFA ကို ပြောပါတယ်။

"ဒီဟာတွေနဲ့ပတ်သက်လို့ ကျနော်တို့လုပ်လုပ်မယ့် အစီအမံတွေကို ကျနော်တို့ တင်ခိုင်းထားတာရှိတယ်၊ မြို့နယ်/ခရိုင်ကိုလေ၊ မြို့နယ်/ခရိုင်က သူတို့ရဲ့လုပ်ထုံးလုပ်နည်းအတိုင်းပဲ သူတို့ကို နုတ်ထွက်ခွင့်ပြုလိုက်မယ်၊ ပြီးရင်ဒုတိယမဲအများဆုံးသူကို ကျနော်တို့ ပြန်ပြီးတော့ ယာယီခန့်ထားမယ်၊ ပြီးတဲ့အခါကျ တစ်လအတွင်း ကျေးရွာအုပ်ချုပ်ရေးမှူး ပြန်ပြီးတော့ ရွေးမယ်ဆိုပြီးတော့ အစီအမံပြန်တင်ထားတာရှိတယ်၊ အဲအစီအမံ ကျနော်တို့က အစိုးရအဖွဲ့တင်ပြတယ်၊ အစိုးရအဖွဲ့က အဲအစီအမံကို လောလောဆယ် ဆိုင်းငံ့ထားပါလို့ ပြန်ညွှန်ကြားထားတာပဲရှိသေးတယ်၊ ဘာဆက်လုပ်မယ်ဆိုတာတော့ အစိုးရအပေါ်မှာပဲ မူတည်ပါတယ်ဗျ"

မြောက်ဦးမြို့နယ်အတွင်း ပြိုင်းချေ၊ ရန်အောင်ပြင်၊ ကျောက်ဆည်ပြင်၊ ပေါက်ပင်ကွင်း စတဲ့ကျေးရွာတွေက ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်က မြို့နယ်ရဲတပ်ဖွဲ့က ခေါ်ဆောင်သွားခဲ့ပြီး မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇ (၁) နဲ့ တရားစွဲဆိုခဲ့သလို ရက္ခိုင့်တပ်မတော် AA နဲ့ အဆက်သွယ် ရှိ/မရှိကို ၉ ရက်နီးပါးကြာ စစ်ဆေးခံခဲ့ရပြီးနောက် ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။

ဒီလိုအခြေအနေတွေကြောင့် အုပ်ချုပ်ရေးမှူးတွေအတွက် လုံခြုံမှုမရှိတာ၊ ကာကွယ်ပေးမယ့်သူ မရှိတာ၊ ပစ်မှတ်ထားခံလာရတဲ့အတွက် ဆက်လက်တာဝန်ထမ်းဆောင်လိုတဲ့ ဆန္ဒမရှိတော့ဘူးဆိုပြီး မြောက်ဦးမြို့နယ်အတွင်းက ကျေးရွာအုပ်ချုပ်ရေးမှူး ၉၀ လောက်ဟာ မတ်လ ၁ ရက်နေ့က စုပေါင်းပြီး နုတ်ထွက်စာ တင်ခဲ့ကြပါတယ်။ အဲဒီနောက် ကျန်တဲ့ကျေးရွာအုပ်ချုပ်ရေးမှူးတွေကလည်း နောက်ရက်တွေမှာ အသီးသီးနုတ်ထွက်စာ တင်ခဲ့ကြပါတယ်။

ကျေးရွာအုပ်ချုပ်ရေးမှူးတွေ နုတ်ထွက်ထား ၂ ပတ်လောက်အတွင်းမှာ ဒေသခံတွေကြုံတွေ့ရတဲ့ အခက်အခဲတွေအကြောင်းကို မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန် က အခုလို ပြောပါတယ်။

"ကျေးရွာထဲမှာရှိတဲ့ မိဘပြည်သူတွေက တစ်ခုခုကိုသွားမယ်ဆိုရင် ခရီးသွားထောက်ခံစာ ပေးရတယ်လေ၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက၊ ကျနော်တို့က တောတောင်ကို မှီခိုပြီး လုပ်စားနေရတဲ့သူတွေများတယ်၊ ထင်းခွေသွားမယ်၊ ဝါးခုတ်သွားမယ်၊ မျှစ်တွေဘာတွေ ချိုးဖို့သွားမယ်ဆိုရင် အဲဒီထောက်ခံချက်တွေကို ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေက ပေးရတယ်၊ အခုရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ မရှိဘူးဆိုတော့ အဲဒီဟာလည်း ရပ်တန့်နေပြီပေါ့"

ကျေးရွာအုပ်ချုပ်ရေးမှူး ၁၀၃ ယောက်ရှိတဲ့ မြောက်ဦးမြို့နယ်မှာ အစ္စလာမ်ဘာသာဝင်တွေ နေထိုင်တဲ့ ရှမ်းတောင်ကျေးရွာ အုပ်ချုပ်ရေးမှူးနဲ့ ဖမ်းဆီးစစ်ဆေးခံခဲ့ရတဲ့ အုပ်ချုပ်ရေးမှူး ၄ ယောက်ကလွဲလို့ ကျန်တဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ၉၈ ယောက်က နုတ်ထွက်စာတင်ထားကြတာ ဖြစ်တယ်လို့လည်း အုပ်ချုပ်ရေးမှူးတွေ ပြောကြားချက်အရ သိရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မသီရိမင်းဇင် ပေးပို့လိုက်တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။