အလုပ်သမားသမဂ္ဂများ ဖွဲ့စည်းခွင့်ရရေး တောင်းဆို
2011.05.01

ကမ္ဘာ့ အလုပ်သမားအဖွဲ့ချုပ် (ILO) နဲ့ သဘောတူ လက်မှတ်ရေးထိုးထားတဲ့ စာချုပ်အတိုင်း အလုပ်သမားတွေရဲ့ အခွင့်အရေး ကာကွယ်ပေးဖို့ မြန်မာအမျိုးသား အလုပ်သမားများသမဂ္ဂ ပေါ်ပေါက်ရေး ကြိုးပမ်းသူများအဖွဲ့ (MNTU) က တောင်းဆိုလိုက်ပါတယ်။ အဖွဲ့ရဲ့ပြောခွင့်ရသူ ဒေါ်အေးမြင့်သန်းက အာအက်ဖ်အေကို အခုလို ပြောပြပါတယ်။
“ကျမတို့ မြန်မာနိုင်ငံမှာလည်းပဲ လွတ်လပ်ပြီး တရားမျှတဲ့ အလုပ်သမား သမဂ္ဂ၊ လယ်သမားသမဂ္ဂတွေကို လွတ်လွတ်လပ်လပ် ဖွဲ့စည်းခွင့် လိုအပ်ပါတယ်။ ဒါ့ပြင် အလုပ်သမားတွေနဲ့ ပတ်သက်တဲ့ ဥပဒေမှာလည်း အလုပ်သမားတွေအတွက် အာမ,ခံနိုင်မယ့်၊ အလုပ်သမားတွေရဲ့ ကောင်းကျိုးတွေကို ရှေးရှုမယ့် ဥပဒေတွေကို ဥပဒေတွေကိုပဲ ပြဋ္ဌာန်းသင့်ပါတယ်။ ဒီနှစ်ခုကိုပဲ မီးမောင်းထိုးပြချင်ပါတယ်”
အရပ်သားအစိုးရသစ် ဖြစ်လာရင် အလုပ်သမားသမဂ္ဂတွေ ဖွဲ့စည်းခွင့် ပြုမယ်လို့ အလုပ်သမား ဝန်ကြီးဌာန တာဝန်ရှိသူတွေ ပြောဆိုထားတဲ့အတိုင်း အလုပ်သမားသမဂ္ဂများ ဖွဲ့စည်းခွင့်ဆိုင်ရာ ဥပဒေကို သမ္မတ ဦးသိန်းစိန် အနေနဲ့ အမြန်ဆုံး ထုတ်ပြန်ပေးဖို့ လိုအပ်ကြောင်းလည်း MNTU ရဲ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။
အလားတူ (၁၂၁) ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့ အထိမ်းအမှတ်အနေနဲ့ အလုပ်သမားများ သွေးစည်းညီညွတ်ရေး အဖွဲ့ချုပ် (မြန်မာနိုင်ငံ)၊ ပြည်ပအခြေစိုက် မြန်မာအလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (FTUB)၊ မြန်မာနိုင်ငံ အလုပ်သမား သွေးစည်းညီညွတ်ရေးအဖွဲ့ BLSO တို့ကလည်း ကြေညာချက်တွေ အသီးသီး ထုတ်ပြန်ခဲ့ပါတယ်။
ဒါ့အပြင် ဂျပန်နိုင်ငံမှာလည်း ရင်ဂို (RENGO) ဂျပန် အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်က စီစဉ်တဲ့ ဂျပန် အလုပ်သမားထု စည်းဝေးပွဲကို တိုကျိုမြို့ ယိုယိုးဂိ ပန်းခြံမှာ ကျင်းပခဲ့ရာမှာ မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂလည်း တက်ရောက်ခဲ့ပါတယ်။
အလားတူ ဒီကနေ့ ကျရောက်တဲ့ နိုင်ငံတကာ အလုပ်သမားနေ့ကို ဂုဏ်ပြု ကြိုဆိုတဲ့အနေနဲ့ ပုသိမ်မြို့မာတ ရပ်ကွက်အတွင်း အလုပ်သမားတချို့ စုရုံးခဲ့ကြပြီး အလုပ်သမားနေ့ အထိမ်းအမှတ် ပြုလုပ်ခဲ့ကြတယ်လို့ သတင်း ရရှိပါတယ်။
ဒီ အထိမ်းအမှတ် အခမ်းအနားကို တက်ရောက်သူ အများစုဟာ ကာယလုပ်သားတွေ ဖြစ်တယ်လို့ သိရပါတယ်။ အလုပ်သမား အခွင့်အရေး ကာကွယ်ရေးနဲ့ အလုပ်သမားသမဂ္ဂ ပေါ်ထွန်းရေးတွေကို ဆက်လက်ဆောင်ရွက် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ဦးဆောင် လုပ်ကိုင်သူတွေက ပြောဆိုခဲ့ကြပါတယ်။
မကွေးတိုင်း ရေနံချောင်းမြို့နယ် NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင်တွေဟာလည်း ရေစကြိုမြို့နယ် မီးဘေးကယ်ဆယ်ရေး အလှူငွေနဲ့ ရွှေဝါရောင်တော်လှန်ရေးမှာ အဖမ်းဆီးခံရပြီး နှစ်ရှည်ထောင်ဒဏ် ကျခံနေရတဲ့ ဦးဣဿရိယ ခေါ် ဦးပဉ္စင်း ဂျောင်းဂျောင်းရဲ့ မိသားစုကို ထောက်ပံ့ရေး အကူအညီတွေ ဒီကနေ့ ပေးအပ်ခဲ့ပါတယ်။ ရေနံချောင်းမြို့နယ် NLD စည်းရုံးရေးကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဒေါ်ခင်စောဌေးအိမ်မှာ မေဒေးနေ့ အထိမ်းအမှတ်အဖြစ် ဒီနေ့ မွန်းလွဲပိုင်းက တွေ့ဆုံပြီး လှူဒါန်းခဲ့တာလို့ NLD အဖွဲ့ဝင် ဦးတင့်လွင်က ပြောပြပါတယ်။