ဆူပူအောင်လှုံ့ဆော်ကြောင်းစွပ်စွဲပြီး အလုပ်သမား ၁၀ ဦးကို စစ်ကောင်စီ ဖမ်းဆီး
2023.06.29

(Updated: June 30, 2023- 7:20 pm)
တရားဝင် ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်း မဟုတ်တဲ့ Action Labor Rights အဖွဲ့နဲ့ပေါင်းပြီး ဆူပူအောင် လှုံ့ဆော်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရန်ကုန် ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်က အလုပ်သမား ၁၀ ဦးကို ဖမ်းဆီးထားတယ်လို့ ဇွန်လ ၂၉ ရက်နေ့ထုတ် စစ်ကောင်စီ သတင်းစာတွေက ဖော်ပြပါတယ်။
ဇွန်လ ၁၄ ရက်ကနေ ၁၇ ရက်အထိ သုံးရက်အတွင်း Action Labor Rights အလုပ်သမား သမဂ္ဂအဖွဲ့ဝင် နှစ်ဦး၊ အားပေးကူညီသူ တစ်ဦးနဲ့ အထည်ချုပ်စက်ရုံနှစ်ရုံက အလုပ်သမား ခုနစ်ဦး စုစုပေါင်း ၁၀ ဦးကို ဖမ်းဆီးထားတာလို့ ဆိုပါတယ်။
အဖမ်းခံရသူတွေကတော့ Action Labor Rights အဖွဲ့ဝင် မသန္တာစိုးလင်း၊ မဖြိုးမြတ်မြတ်သင်း၊ အားပေးကူညီသူ ကိုဟိန်းမင်းဇော်၊ ရွှေပြည်သာမြို့နယ် ဟိုစိမ့် (မြန်မာ) အထည်ချုပ်စက်ရုံက အလုပ်သမားတွေဖြစ်ကြတဲ့ ကိုအောင်အောင်၊ မသူသူစံ၊ မသန္တာအေး၊ မအေးသန္တာဌေး၊ မမေသူမင်းနဲ့ လှိုင်သာယာမြို့နယ် Sun Apparel Myanmar အထည်ချုပ်စက်ရုံက မသီတာဝင်း၊ ကိုလှိုင်ဝင်းထက် တို့ဖြစ်ပါတယ်။
Action Labor Rights အဖွဲ့ဝင် မသူဇာနဲ့ ကိုသူရိန်အောင်တို့ကတော့ ထွက်ပြေးတိမ်းရှောင် နေတာကြောင့် ဆက်စပ်သူတွေကို စစ်ဆေးပြီး ရှာဖွေနေတယ်လို့ စစ်ကောင်စီသတင်းက ဖော်ပြပါတယ်။
စစ်ကောင်စီ သတင်းစာမှာတော့ ထွက်ပြေးတိမ်းရှောင်နေတဲ့ Action Labor Rights အဖွဲ့ဝင် မသူဇာက ဦးဆောင်ပြီး စက်ရုံအလုပ်သမား ၂၀ ခန့်ဟာ ဆူပူဆန္ဒပြမှုတွေ ဖြစ်အောင် သွေးထိုးလှုံ့ဆော်ခဲ့တာကြောင့် ရွှေပြည်သာမြို့နယ်က ဟိုစိမ့် (မြန်မာ) အထည်ချုပ်စက်ရုံနဲ့ လှိုင်သာယာမြို့နယ်က Sun Apparel Myanmar အထည်ချုပ် စက်ရုံတွေမှာ ဇွန်လ ၁၂ ရက်နဲ့ ၁၃ ရက်နေ့တွေက အလုပ်သမားတချို့ လုပ်ငန်းခွင်မဝင်ဘဲ ဆန္ဒပြခဲ့ကြတယ်လို့ ဖော်ပြပါတယ်။
စစ်ကောင်စီက အဖမ်းခံထားရသူတွေကို နိုင်ငံရေးပုဒ်မ ၅၀၅-က၊ တရားမဝင်အသင်း အဖွဲ့တွေနဲ့ ဆက်သွယ်မှု ပုဒ်မ - ၁၇ (၁) တို့နဲ့ တရားစွဲထားတယ်လို့လည်း အလုပ်သမားအရေး လှုပ်ရှားသူတွေက ပြောပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ Action Labor Rights အလုပ်သမားသမဂ္ဂအဖွဲ့ တာဝန်ရှိသူတစ်ဦးက လုပ်ခတိုးတောင်းတဲ့ အလုပ်သမားတွေကို နိုင်ငံရေးပုဒ်မတပ်ပြီး ဖမ်းဆီးတာဟာ အလုပ်သမားအခွင့်အရေး ချိုးဖောက်တာဖြစ်ပြီး ဖိနှိပ်တဲ့ အလုပ်ရှင်ဘက်က ကာကွယ်ရပ်တည်တာလို့ RFA ကို ပြောပါတယ်။
“ဒီအလုပ်သမားတွေက နိုင်ငံရေးလုပ်တာ တစ်ခုမှမပါဘူး၊ လုပ်ခနည်းလို့ ကိုယ့်အခွင့်အရေးအတွက် ကိုယ်တောင်းတာ၊ ဒီလိုတောင်းဆိုလို့ ဆန္ဒပြလို့ ဖမ်းဆီးတာဟာ စစ်ကောင်စီက အားနည်းတဲ့ အခြေခံလူတန်းစား အလုပ်သမားတွေရဲ့ အခွင့်အရေးကို ချိုးဖောက်တာ၊ ဖိနှိပ်တဲ့ အလုပ်ရှင်ဘက်ကို ကာကွယ်ပေးနေတာ”
ဒီအဖမ်းအဆီးကြောင့် အဖွဲ့ဝင်တွေနဲ့ အဖွဲ့ခေါင်းဆောင်တွေ တိမ်းရှောင်နေရပေမယ့် မြန်မာပြည်ထဲကနေ ထွက်ပြေးသွားမှာ မဟုတ်ဘူးလို့လည်း သူက ပြောပါတယ်။
Action Labor Rights အဖွဲ့ဟာ အာဏာသိမ်းပြီးနောက် အကျပ်အတည်းမျိုးစုံ ခံစားနေရတဲ့ မြန်မာနိုင်ငံက အလုပ်သမားတွေရဲ့ အခွင့်အရေးအတွက် ရပ်တည်တောင်းဆိုနေတဲ့ ရန်ကုန်မြို့အခြေစိုက် အလုပ်သမားသမဂ္ဂအဖွဲ့ဖြစ်ပါတယ်။
စက်ရုံအလုပ်သမားတွေဟာ တစ်ရက်လုပ်ခ ၄၈၀၀ ကျပ်အစား ၅၆၀၀ ကျပ်တိုးပေးဖို့နဲ့ အလုပ်သမားအခွင့်အရေးတွေ ရရှိဖို့ ဦးဆောင်တောင်းဆိုခဲ့တဲ့အတွက် အလုပ်ထုတ်ခံရပြီး နောက်အခုလို ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။
အခုလို ဖမ်းဆီးအရေးယူတာက တခြားအလုပ်သမားသမဂ္ဂ အဖွဲ့အစည်းတွေကိုပါ စစ်ကောင်စီက တပ်လှန့်လိုက်တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အခြား အလုပ်သမားသမဂ္ဂအဖွဲ့ ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။
“အလုပ်သမားတွေကိုတော့ ၅၀၅ နဲ့ပဲ စွဲတယ်လို့ ပြောတယ်။ နောက်တရားမဝင် အဖွဲ့အစည်း ကြေညာထားတဲ့အဖွဲ့မှာ ပါတဲ့သူတွေကိုတော့ ၁၇ (၁) နဲ့ စွဲတယ်ပေါ့။ စွဲတဲ့အခါကျတော့ ကျန်တဲ့အဖွဲ့အစည်းတွေအတွက်ကျတော့ တပ်လှန့်လိုက်သလို ဖြစ်သွားတာပေါ့။ ပြောရမယ်ဆိုရင် ခဲတစ်လုံးတည်းနဲ့ ငှက်တွေအများကြီး ထိသွားတာပေါ့”
စစ်တပ်က အာဏာသိမ်းပြီး တစ်လအကြာ ၂၀၂၁ ခုနှစ် မတ်လ ၁ ရက်နေ့မှာ အလုပ်သမားသမဂ္ဂနဲ့ အလုပ်သမားအရေး လှုပ်ရှားတဲ့ အဖွဲ့အစည်း ၁၆ ဖွဲ့ကို "တရားဝင်ဖွဲ့စည်းထားသော အဖွဲ့အစည်းများ မဟုတ်" ဆိုပြီး စစ်ကောင်စီရဲ့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။ အင်္ဂလိပ်ဘာသာနဲ့ ဖော်ပြရာမှာတော့ ဒီအဖွဲ့တွေဟာ "illegal organizations" (တရားမဝင် အဖွဲ့အစည်းများ) ဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။