ဦးမင်းဌေးကို ဖမ်းဆီးတာဟာ ငြိမ်းချမ်းရေးကို ထိခိုက်နိုင်ကြောင်း ABSDF ခေါင်းဆောင်ပြော


2017.01.07
myowin-adsdf-620.jpg ရန်ကုန်မြို့ Inya Lake ဟိုတယ်မှာ ဇန်နဝါရီလ ၇ ရက်နေ့က ကျင်းပတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံအကြို လူထုဆွေးနွေးပွဲမှာ ABSDF ဒုဥက္ကဌ ဦးမျိုးဝင်း ကို တွေ့ရစဉ်
Photo: Aung Thain Kha/RFA

ကချင်လွတ်မြောက်ရေး အဖွဲ့ KIO နဲ့ အကူအညီပေးနေတယ်ဆိုပြီး မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁) နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ရဲ့ ဗဟိုကော်မတီဝင် မြောက် ပိုင်းဒေသ ခေါင်းဆောင် ဦးမင်းဌေးကို ဖမ်းဆီးလိုက်တာဟာ ငြိမ်းချမ်းရေး  လုပ်ငန်းစဉ်တွေကို ထိခိုက်နိုင်တယ်လို့ ABSDF ဒုဥက္ကဌ ဦးမျိုးဝင်းက ပြောပါတယ်။

ဒီကနေ့ ABSDF က ဦးဆောင်ပြီး ရန်ကုန်မြို့ Inya Lake ဟိုတယ်မှာ ကျင်းပတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံအကြို လူထုဆွေးနွေးပွဲ ဖွင့်ပွဲအပြီးသတင်းစာရှင်းလင်းပွဲမှာ ABSDF ဒုဥက္ကဌ ဦးမျိုးဝင်းက ပြောတာဖြစ်ပါတယ်။

"ဒီဖြစ်စဉ်ဟာတော့ ကျနော်တို့ အခုတည်ဆောက်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကိုတော့ ထိခိုက်တာ အမှန်ပဲ၊ ယုံကြည်မှုပေါ့၊ NCA မှာ လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့အစည်းကျမှ ဖမ်းတယ်ဆိုရင်ပဲ မရေးထိုးထားတဲ့ အဖွဲ့အစည်းဆိုရင် ပိုပြီးတော့စိုးရိမ်မှာပေါ့၊ ဘယ်လိုလဲပေါ့၊ ဘာလဲပေါ့၊ NCA ထိုး ထားပြီးတော့ သူတို့ဖမ်း တာ ဘာအဓိပ္ပါယ်တုန်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာတော့ ပြည်သူလူထု ပဲဖြစ်ဖြစ်၊ အခုသတင်းဌာနတွေပဲဖြစ်ဖြစ်၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေပဲဖြစ်ဖြစ် ၊ မေးခွန်းမေးစရာတွေတော့ ရှိမှာပဲ၊ ခင်ဗျားတို့ကိုယ်တိုင် မေးနေပြီလေ၊ မေးပြီဆိုကတည်းက မေး စရာဖြစ်လာပြီကိုး၊ မေးစရာဖြစ်လာပြီဆိုတဲ့နောက်တော့ ဘာပဲပြောပြော ဒီအလုပ်ဘက်မှာတော့ သက်ရောက်မှုဖြစ်တာပေါ့၊ ယုံကြည်မှုတော့နည်းစေတာပဲ၊ အဲအပေါ်မှာ တာဝန်ရှိတဲ့သူတွေဟာ အကျိုးအပြစ်ကို ထည့်တွေးစေချင်တယ်လို့"

ဦးမင်းဌေးဟာ ကချင်ပြည်နယ် ဗန်မော်အကျဉ်းစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားပြီး သွားရောက်တွေ့ဆုံခွင့် မရသေးဘူးလို့ ပြောပါတယ်။

အစိုးရအဖွဲ့ဘက်ကနေ ဦးမင်းဌေးအမှုကို အမြန်ဆုံးရုပ်သိမ်းနိုင်ရေး ညှိနှိုင်းသွားမယ်လို့လည်း ဦးမျိုးဝင်းက ပြော ပါတယ်။

ဦးမင်းဌေးဟာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကို တက်ရောက်နေသူဖြစ်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တစ်ခုမှာ မြောက်ပိုင်းကော်မတီဝင်အနေနဲ့ တက်ရောက်ပြီးအပြန်မှာ ဒီဇင်ဘာလ ၂၈ ရက်နေ့က ဗန်မော် - လွယ်ဂျယ် ကားလမ်းပေါ်က စိန်လွယ်စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။