ABSDF ခေါင်းဆောင်တွေ အဖမ်းဆီးခံ ဦးမင်းဌေးနဲ့ တွေ့


2017.01.12
minhtay-absdf-620.jpg ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF အဖွဲ့ရဲ့ ဗဟိုကော်မတီဝင် ဦးမင်းဌေး ကို တွေ့ရစဉ်
Photo:Ko Moe (facebook)

တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးစာချုပ် NCA မှာ လက်မှတ်ရေးထိုးထားတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ဗဟိုခေါင်းဆောင်တွေဟာ မကြာသေးခင်က ဖမ်းဆီးခံထားရတဲ့ ဗဟိုကော်မတီဝင် ဦးမင်းဌေး လွတ်မြောက်ရေးအတွက် ကချင်ပြည်နယ် ဗန်းမော်မြို့မှာ ရောက်ရှိနေပြီး တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ ပါတယ်။

ABSDF အနေနဲ့ အကောင်းဘက်ကို မျှော်လင့်တယ်လို့ ဦးမင်းဌေးနဲ့တွေ့ခဲ့တဲ့ အဖွဲ့ရဲ့ အတွင်းရေးမှူး ဦးဆလိုင်းယောအောင် က ပြောပါတယ်။

"နံပါတ် ၁ ကတော့ ကိုမင်းဌေးကတော့ ကျန်းမာရေးကောင်းတယ်၊ အားလုံးမာကြောင်း သာကြောင်းလေး ပြော လိုက်ပါတဲ့၊ ကျနော်တို့ ကိုမင်းဌေးကို မေးရတာတော့ အဲဒီနေ့ကဖြစ်တဲ့ အခြေအနေလေးပေါ့လေ၊ တပ်က ဘယ်လိုမေးတယ်၊သူက ဘယ်လိုပြောတယ်၊ နောက်တခုက သူက ဘာတွေ ကျနော်တို့ကို မှာချင်သလဲ၊ အဲဒါလေးတွေ ကျနော်တို့ ပြောဖြစ်တယ်၊ ကျနော်တို့ ဒီဘက်က အဖွဲ့အစည်းရဲ့ လုပ်ဆောင်ချက်လေးတွေ ကြိုးစားရမှာပေါ့၊ ကျနော်တို့ အကောင်းဖက်ကို မျှော်လင့်ပါတယ်"

ABSDF အတွင်းရေးမှူး ၊ အပစ်ခတ်ရပ်စဲရေးစောင့်ကြည့်ရေးကော်မတီ အဖွဲ့ဝင်ဖြစ်တဲ့ ဆလိုင်းယောအောင်၊ အတွင်းရေးမှုး ၁ ဦးမြင့်ဦးနဲ့ စစ်ဦးစီးချုပ် ဦးမောင်ဦးတို့ သုံးယောက်ဟာ ဦးမင်းဌေးကို ထိမ်းသိမ်းထားတဲ့ ဗန်းမော်အကျဉ်းထောင်ကို သွားတွေ့ခဲ့တာဖြစ်ပါတယ်။

ဦးမင်းဌေးကိစ္စနဲ့ပတ်သက်လို့ မြို့နယ်မှူး၊ ရဲမှူးနဲ့ စစ်ဖက်ရေးရာလုံခြုံရေးက တာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံခဲ့ တာဖြစ်ပါတယ်။

ဦးမင်းဌေးကို မနက်ဖြန် ဇန်နဝါရီလ ၁၃ ရက်နေ့မှာ ရုံးထုတ်မယ်လို့သိရပြီး မနက်ဖြန် ရုံးထုတ်တဲ့အချိန်အထိ သူတို့သုံးယောက် ဗန်းမော်မှာ ရှိနေမှာဖြစ်ပါတယ်။

ဒီဇင်ဘာလ ၂၈ ရက်နေ့က ဦးမင်းဌေးဟာ ဗန်းမော်မြို့ကနေ လွယ်ကျယ်ကိုအသွားလမ်းရှိတဲ့ မိုးမောက်မြို့နယ် စိန်လုံ စစ်ဆေးရေးဂိတ်မှာ အဖမ်းခံရပြီး အဲဒီကနေတဆင့် ဗန်းမော် အကျဉ်းထောင်ကို ပို့လိုက်တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။