ABSDF နဲ့ ALP အဖွဲ့ဝင်တချို့ဖမ်းဆီး ခံထားရတဲ့ကိစ္စ အဖွဲ့ ၈ ဖွဲ့ ဆွေးနွေး မည်


2017.01.04
khunoakkar-620.jpg ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNLO က ဗိုလ်မှူးကြီး ခွန်ဥက္ကာ ကို တွေ့ရစဉ်
Photo: RFA

အစိုးရနဲ့ အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF နဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP အဖွဲ့ဝင်တချို့ ဖမ်းဆီးထိန်းသိမ်းခံထားရတာနဲ့ ပတ်သက်ပြီး NCA လက် မှတ်ရေးထိုးထားတဲ့ အဖွဲ့ ၈ ဖွဲ့က ခေါင်းဆောင်တွေ အရေးပေါ်အစည်းအဝေးကျင်းပမယ်လို့ PNLO နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ပြောပါတယ်။

အရေးပေါ်အစည်းအဝေးကို ဇန်နဝါရီလ ၇ ရက်နေ့နဲ့ ၈ ရက်နေ့တွေမှာ ပြုလုပ်မှာဖြစ်ပြီး အဲဒီေဆွးနွေးပွဲအပြီးမှာ တပ်မတော်၊ အစိုးရဘက်တို့နဲ့ လိုအပ်သလို ဆက်လက်ဆွေးနွေးမယ်လို့ ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ပြောပါတယ်။

"ကျနော်တို့ ၈ ဖွဲ့ အချင်းချင်းညှိပြီးတော့ ဒီလိုဖြစ်တဲ့ကိစ္စတွေကို ဘယ်လိုရှင်းလင်းမလဲပေါ့။ နောက်ပြီးတော့ အခါကျတော့ ဒီလာမယ့် ၂၀၁၇ အတွက် လုပ်ငန်းစီမံချက်တွေပေါ့ဗျာ။ အဲဒါတွေလည်းပါမှာပေါ့။ ပြီးတဲ့အခါ ကျတော့ ကျနော်တို့ အချင်းချင်းပြီးတော့ ရတဲ့အခါကျမှ လိုအပ်သလိုပေါ့ တပ်မတော်ဘက်၊ အစိုးရဘက်ကို ဆက်လက်ဆွေးနွေးသွားမှာပါ။"

အစည်းအဝေးကို ထိုင်းနိုင်ငံ မဲဆောက်မြို့ ဒါမှမဟုတ် ချင်းမိုင်မြို့မှာကျင်းပဖို့ လျာထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းမှာ NCA လက်မှတ်ရေးထိုးထားတဲ့အဖွဲ့တွေဖြစ်တဲ့ ရခိုင်လွတ်မြောက်ရေးတပ်မတော် (ALP/ALA) က ဒုတိယဗိုလ်မှူးကြီးတစ်ဦးနဲ့ စီးပွားရေးတာဝန်ခံတစ်ဦးကို AK-47 သေနတ် ၁၉ လက်နဲ့အတူ ဘားအံမြို့မှာ ဖမ်းမိခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ABSDF က ဗဟိုကော်မတီဝင် မြောက်ပိုင်းဒေသ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုမင်းဌေးကို ပုဒ်မ ၁၇(၁) နဲ့ ဖမ်းဆီးထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။