ဦးမင်းဌေးကို အရေးယူတာဟာ KIA အကျိုးလုပ်ဆောင်ပေးလို့ ဟု ပြော


2017.01.05
kominhtay-absdf-620.jpg မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF အဖွဲ့ရဲ့ ဗဟိုကော်မတီဝင် မြောက်ပိုင်းဒေသ ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ဦးမင်းဌေး ကို တွေ့ရစဉ်
Photo : Ko Min Htay (facebook)

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF မြောက်ပိုင်းရဲ့ ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ဦးမင်းဌေးကို မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇/၁ နဲ့ ကချင်ပြည်နယ် မိုးမောက်ရဲစခန်းမှာ အမှုဖွင့်ထား တာဟာ ABSDF အဖွဲ့ဝင်ဖြစ်တာကြောင့် မဟုတ်ဘဲ တိုက်ပွဲဖြစ်ချိန်မှာ ကေအိုင်အေ အကျိုးဆောင်ရွက်လို့ အရေးယူ တာဖြစ်ကြောင်း ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ထွန်းဦးက RFA ကို ဒီကနေ့ ပြောပါတယ်။

RFA က တွေ့ဆုံမေးမြန်းရာမှာ ရဲမှူးကြီး ထွန်းဦးက အခုလို ပြောပြပါတယ်။

"ကျနော်တို့ ABSDF အဖွဲ့အစည်းဖြစ်လို့ အရေးယူတာမဟုတ်ပါဘူး။ သူ့ရဲ့ လက်ရှိထွက်ဆိုချက်အရ ကျွန်တေ်ာတို့ ဒီမှာစစ်ပွဲဖြစ်ပွားနေတဲ့အချိန်မှာ KIA ရဲ့ အကျိုးငှာ သူဆောင်ရွက်နေတဲ့ အချက်တွေကို တချို့တလေ တွေ့ရှိလို့ ၁၇/၁ နဲ့ အရေးယူတာဖြစ်ပါတယ်။ ABSDF အဖွဲ့ဝင်ဖြစ်လို့ အရေးယူတာ မဟုတ်ဘူးလို့ သိရပါတယ်"

ဒါပေမဲ့ ကေအိုင်အေအတွက် ဘယ်လိုအကျိုးဆောင်ရွက်ပေးသလဲ ဆိုတာတော့ ထုတ်ဖေါ်ပြောဆိုခြင်း မရှိပါဘူး။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့က ဗန်မော်-လွယ်ဂျယ်လမ်းပေါ် မိုးမောက်မြို့ရဲ့ အရှေ့ဘက် မိုင် ၂၀ ကျော် အကွာ စိန်လုံ ပူးပေါင်းစစ်ဆေးရေးဂိတ်မှာ ဦးမင်းဌေးကို ပူးပေါင်းစစ်ဆေးရေးအဖွဲ့တွေက ဖမ်းဆီးလိုက် တာဖြစ်ပါတယ်။

ဦးမင်းဌေးကို ဖမ်းဆီးစစ်ဆေးပြီးတဲ့နောက်မှာ ဗန်မော်အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှူးဌာနချုပ် စကခ - ၂၁ က ဗိုလ်ကြီးအဆင့်ရှိ တပ်မတော်အရာရှိတစ်ဦးက မတရားသင်းဆက်သွယ်မှု ပုဒ်မ ၁၇/၁ နဲ့ တရားလိုလုပ်ပြီး အမှုဖွင့်လိုက်တာပါ။

လောလောဆယ် မိုးမောက်မြို့မ  ရဲစခန်းမှာ အမှုဖွင့်ထိန်းသိမ်းထားပြီး ဥပဒေအတိုင်း ဆောင်ရွက်မှာဖြစ်ကြောင်းနဲ့ ဘယ်နေ့ရုံးထုတ်မယ်ဆိုတာကိုတော့ မသိရှိရသေးဘူးလို့ ဆိုပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF ဟာ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးစာချုပ် NCA မှာ လက်မှတ်ရေးထိုးထားပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ပါဝင်နေတဲ့အဖွဲ့ဖြစ်ပါတယ်။

ကချင်ပြည်နယ်မှာ မတရားသင်းဆက်သွယ်မှု ဥပဒေ ပုဒ်မ ၁၇/၁ နဲ့ ဖွင့်ထားတဲ့ အမှုပေါင်း ၂၀ ကျော်ရှိပြီး လူဦးရေ စုစုပေါင်း ၇၀ ကျော်ကို ဖမ်းဆီးစစ်ဆေးမှုတွေပြုလုပ်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။