NDF ပါတီ ကိုယ်စားလှယ်လောင်း တရာ ပါဝင်ယှဉ်ပြိုင်မယ်
2010.08.22

မန္တလေးတိုင်းကို သီတင်းတပတ်ကြာ ခရီးလှည့်ရာက ရန်ကုန်မြို့ကို ဒီကနေ့ ပြန်လည် ရောက်ရှိလာတဲ့ NDF ပါတီခေါင်းဆောင် ဒေါက်တာသန်းငြိမ်းက RFA ကို အခုလို ပြောကြားတာ ဖြစ်ပါတယ်။
“အဓိကအားဖြင့် လွှတ်တော်အားလုံး မဟုတ်ဘဲ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်ကိုပဲ ကျနော်တို့ အဓိကထားပြီးတော့ စုဆောင်းလာတာပေါ့။ တိုင်းဒေသကြီးတို့ကတော့ ဒေသအလိုက်၊ ကျနော်တို့ အဲလောက်လည်း အသေးစိတ် လိုက်မလုပ်နိုင်တော့ သူ့တိုင်းအလိုက်ပဲ လုပ်ကြဖို့ ညွှန်ကြားခဲ့တယ်လေ။ အဲတော့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်ကတော့ တရာ ပတ်ဝန်းကျင် ပိုလည်းနည်းနည်း လိုလည်းနည်းနည်းပေါ့၊ အဲဒီလောက်တော့ ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်”
သြဂုတ်လ ၁၅ ရက်နေ့က စတင်ခဲ့တဲ့ NDF ပါတီခေါင်းဆောင်တွေရဲ့ မန္တလေးတိုင်း ခရီးစဉ်အတွင်း တောင်တွင်းကြီးမြို့တွေမှာ ပါတီရုံးခန်းဖွင့်ပွဲနဲ့ ဆိုင်းဘုတ်တင်ပွဲ ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ သူ့ရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး အတိုင်းအတာတခုထိ ကျေနပ်မှုရှိကြောင်း ဒေါက်တာသန်းငြိမ်းက ပြောပါတယ်။
“နယ်မှာရှိတဲ့ လုပ်ဖော်ကိုင်ဘက် ရဲဘော်တွေရော တခြားပြည်သူတွေနဲ့ရော အခိုက်အတန့် ဆုံတွေ့ရတာကို ကျနော့်အနေနဲ့ အင်မတန် ကျေနပ်အားရ နှစ်သိမ့်ပါတယ်။ သူတို့အနေနဲ့ ကျနော်တို့ ဗဟိုကနေ ဆင်းပြီး တရင်းတနှီး ဆွေးနွေးတိုင်ပင်ကြတာကို ကျေနပ်ကြပါတယ်။ တခုပဲ ရှိတာပေါ့၊ အခု ကျနော်တို့လုပ်ရတာ ပါတီရဲ့ မူဝါဒတွေ လုပ်ငန်းစဉ်တွေကို အေးအေးဆေးဆေး ဆွေးနွေးဟောပြောတာတွေ လုပ်ခွင့် မရဘူးပေါ့။ ကျနော်တို့ အင်မတန်ကို ဖုတ်ပူမီးတိုက်နဲ့ အပြေးအလွှားလုပ်ရတယ်ဆိုတော့ အဲဒါတော့ သိပ်ပြီး ကျေနပ်ဖွယ်ရာ မရှိဘူးပေါ့ဗျာ”
ခရီးစဉ်အစမှာ သက်ဆိုင်ရာ အာဏာပိုင်တွေကြောင့် လုပ်ငန်းမှာ အထစ်အငေါ့ အနည်းအကျဉ်း ရှိခဲ့ပေမယ့် NDF ပါတီကို ပြည်သူလူထုက အားပေးထောက်ခံမှု ရှိတာကို တွေ့ရတဲ့အတွက် အားရကျေနပ်မှု ရခဲ့ကြောင်းလည်း သိရပါတယ်။ NDF ပါတီ ခေါင်းဆောင်တွေဟာ မန္တလေးတိုင်းအပြင် မကွေးတိုင်းကိုပါ ခရီး လှည့်လည်ခဲ့တယ်လို့သိရပါတယ်။