စစ်ကောင်စီ လွတ်ငြိမ်းထဲ နိုင်ကျဉ်း ၂၀၀ ကျော်သာပါကြောင်း AAPP ပြော
2023.01.05

၇၅ နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အနေနဲ့ နိုင်ငံတစ်ဝန်းမှာ ရှိတဲ့ အကျဉ်းထောင်တွေကနေ လွတ်မြောက်လာတဲ့ အကျဉ်းသားတွေထဲမှာ နိုင်ငံရေး အကျဉ်းသား ၂၀၀ ကျော်သာ ပါဝင်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (AAPP)က ဇန်နဝါရီ ၄ ရက် မနေ့က ထုတ်ပြန်ပါတယ်။
အဲဒီအကျဉ်းသား ၂၀၀ ကျော်ဟာ နိုင်ငံတစ်ဝန်းမှာရှိတဲ့ အကျဉ်းထောင် ၁၉ ခုထက် မနည်းက ကောက်ယူထားတဲ့ အချက်အလက်တွေ ဖြစ်တယ်လို့ AAPP က ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက် ဆန့်ကျင်ပုန်ကန်သူတွေကို ဖမ်းဆီးထောင်ချနေတဲ့ စစ်ကောင်စီ က အခုလို ပြန်လွှတ်ပေးတဲ့အပေါ် ကျေးဇူးတင်စရာ မရှိဘူးလို့ မနေ့က လွတ်ငြိမ်းနဲ့ ပြန်လည်လွတ်မြောက်လာတဲ့ အမည်မဖော်လိုသူ နိုင်ငံရေးအကျဉ်းသားတစ်ဦးက ပြောပါ တယ်။
"ညက အိပ်နေရင်းနဲ့ လန့်နိုးတော့ ပြန်လွတ်လာတာ အိပ်မက်လားလို့တောင် ထင်မိ တယ်။ ငါ့ကိုများ ပြန်လာ ဖမ်းဦးမလား စိုးရိမ်မိတယ်။ ဒီလို ထရော်မာတွေရအောင် မတရား ဖမ်းဆီးချုပ်နှောင်ခဲ့ပြီး အပြစ်မရှိဘဲ ဖမ်းဆီးခဲ့ပြီးတော့ အခုလို ပြန်လွတ်တဲ့ အပေါ် ကျေးဇူးတင်စရာအကြောင်းမရှိဘူး"
သူနဲ့အတူ ရန်ကုန်အင်းစိန်ထောင်ကနေ ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသား အခန်းဖော်တချို့ကိုလည်း ထောင်ဗူးဝမှာပဲ ပြန်လည်ဖမ်းဆီးခံရတာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။
လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့ ဇန်နဝါရီ ၄ ရက်နေ့မှာပဲ နိုင်ငံတစ်ဝန်းမှာရှိတဲ့ နောက်ထပ် နိုင်ငံရေးအကျဉ်းသား ၂၂ ဦးကို စစ်ကောင်စီက ထပ်မံ ဖမ်းဆီးလိုက်တယ်လို့ နိုင်ငံရေး အကျဉ်းသားများရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီက ၇၅ နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အကျဉ်း ထောင်၊ အချုပ်ထောင်နဲ့ ရဲဘက်စခန်းအသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား၊ အကျဉ်းသူ ၇၀၁၂ ဦးကို ပုဒ်မ ၄၀၁ အရ ပြစ်ဒဏ် လျှော့ပြီး လွတ်ငြိမ်းခွင့်ပြုလိုက်တယ်လို့ မနေ့က ကြေညာပြီး အကျဉ်းသားတွေကို ပြန်လွှတ်ပေးခဲ့တာပါ။