လုပ်ခလစာကိစ္စ AAA ဘိလပ်မြေ စက်ရုံဝန်ထမ်းများ ဆန္ဒပြမည်
2014.10.18
ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ်မှာ ကညို့တောင် ကျောက်တူးဖော်ရေးလုပ်ငန်း ဆောင်ရွက်နေကြတဲ့ AAA အေသုံးလုံး ဘိလပ်မြေစက်ရုံ အလုပ်သမား ၄၅ ဦးဟာ အလုပ်ရှင် ပြင်ဆင်သတ်မှတ်လိုက်တဲ့ လုပ်ခနှုန်းထားနဲ့ လုပ်အားခဖြတ်တောက်မှုတွေကို မကျေနပ်တဲ့အတွက် သပိတ်စခန်းဖွင့် ဆန္ဒပြမယ်လို့ သိရပါတယ်။
သူတို့အနေနဲ့ ၂ဝဝ၉ ခုနှစ်ကတည်းက စတင်လုပ်ကိုင်ခဲ့ရာမှာ ကျောက်တစ်ကျင်းကို မူလက ငွေကျပ် ၅၅ဝဝ ပေးခဲ့ပေမဲ့ လက်ရှိမှာတော့ တစ်ကျင်းကို ကျပ် ၃ဝဝဝ ကနေ ၅၅ဝဝ အထိ ဈေးနှုန်း အဆင့်ဆင့် ခွဲခြားသတ်မှတ်တာကြောင့် အခက်ကြုံနေရတယ်လို့ အလုပ်သမား ကိုထွန်းမင်းလှိုင်က RFA ကို ပြောပါတယ်။
"ကျနော်တို့ကို ပထမဦးဆုံး စတင်ပြီးတော့ လုပ်ငန်းကိုခိုင်းတဲ့အချိန်မှာ လုပ်အားခဖြတ်တောက်မဲ့ အတိုင်းအတာမျိုးဘာတစ်ခုမှ ပြောပြထားတာမျိုးလည်းမရှိဘူး၊ စာချုပ်မှာလည်း ထည့်သွင်းရေးသားထားခြင်း ဘာမှမရှိပါဘူး၊ အခုနောက်ပိုင်း ကျနော်တို့ ကျောက်တောင်က အဆင်ပြေမဲ့အချိန်လောက်ကျတော့ သူတို့ ကျောက်လည်း လုံလုံလောက်လောက်လည်းရရော ကျနော်တို့ကို အဲ့ဒီမှာ စပြီးတော့ အရည်အသွေး ၅၀ ရမှသာ မင်းတို့ကို အပြည့်အဝ ရှင်းပေးနိုင်မယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ကျနော်တို့ကို သူတို့ တစ်ဖက်သက် ဆွေးနွေးခြင်းလည်းမရှိဘုူး၊ ညှိနှိုင်းခြင်းလည်းမရှိပဲနဲ့ သူတို့ဖက်ကစတင်ပြီးတော့ သက်မှတ်ခဲ့တာပေါ့၊ ကျောက်တုံးတစ်တုံးရဲ့ အရည်အသွေး ၅၀၊ ၄၉၊ ၄၁၊ ၄၇ ဆိုပြီးတော့ အစားစား ကျနော်တို့ အဲ့ဒါကို A,B,C,D ခွဲခြားထားပါတယ်"
အလုပ်သမားတွေက အခုလို ဈေးနှုန်းခွဲခြားသတ်မှတ်တာကို မကျေနပ်လို့ မြို့နယ်ညှိနှိုင်းဖြန်ဖြေရေးရုံးထံ ဖြေရှင်းဆောင်ရွက်ပေးဖို့ တင်ထားပေမယ့် ပြေလည်မှုမရတာကြောင့် ခုံသမာဓိကောင်စီကို ဆက်လက်တင်ပြသွားမယ်လို့ သိရပါတယ်။
တကယ်လို့ အဆင်မပြေခဲ့ရင် တောင်ခြေမှာ သပိတ်စခန်းဖွင့်လှစ်သွားမယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
အလုပ်သမားတွေက လုပ်ခလစာတွေ အပြည့်အဝမရသေးတဲ့အတွက် အလုပ်ရှင်ကို တရားစွဲဆိုဖို့ စီစဉ်နေတယ်လို့လည်း မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ဗဟိုကော်မတီဝင် ဦးဝင်းနိုင်က ပြောပါတယ်။