မောင်တောက စစ်ကောင်စီရဲ့ ရန်အောင်ပြင်စခန်းကို AA သိမ်းယူ

RFA Burmese
2024.02.23
မောင်တောက စစ်ကောင်စီရဲ့ ရန်အောင်ပြင်စခန်းကို AA သိမ်းယူ ရခိုင်ပြည်နယ် မောင်တောမြို့နယ် ပဲရမ်းတောင်မှ စစ်ကောင်စီတပ်စခန်းအား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်တွင် ရက္ခိုင့်တပ်တော် (AA) က သိမ်းယူခဲ့စဉ်။
AA Info Desk

ရခိုင်ပြည်နယ် မောင်တောမြို့က စစ်ကောင်စီရဲ့ ရန်အောင်ပြင်ကင်းစခန်းကို ဖေဖော်ဝါရီလ ၂၃ ရက်နေ့ မနက်ပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က သတင်းထုတ်ပြန်လိုက်ပါတယ်။

ဒါ့အပြင် မောင်တောမြို့တဝိုက်က စစ်ကောင်စီရဲ့လက်ကျန်စခန်းတွေကိုလည်း ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

မင်းပြားမြို့မှာ တစ်ခုထဲကျန်နေတဲ့ စစ်ကောင်စီရဲ့ အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်းကို သိမ်းပိုက်နိုင်ဖို့အတွက် ခြောက်ရက်မြောက်အဖြစ် ထိုးစစ်ဆင်တိုက်ခိုက်နေသလို ပုဏ္ဏားကျွန်းမြို့က ခမရ (၅၅၀)ကိုလည်း တိုက်ခိုက်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်နက်မချသေးတဲ့ စစ်ကောင်စီရဲ့ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောနဲ့ မင်းပြားမြို့တွေက စစ်ကောင်စီစခန်းတွေကို ဆက်လက်သိမ်းပိုက်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့လည်း ဆိုပါတယ်။

ရမ်းဗြဲမြို့ကိုလည်း စစ်ကောင်စီက အရင်နေ့တွေနည်းတူ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေဆဲဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

စခန်းတွေ သိမ်းဆည်းခံရတယ်ဆိုတာနဲ့ပတ်သက်ပြီး စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ရက္ခိုင့်တပ်တော် (AA) ဟာ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့မရဲစခန်းကို သိမ်းယူခဲ့သလို ချင်းပြည်နယ် ပလက်ဝမြို့ အပါအဝင် ရခိုင်ပြည်နယ်က ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ မြေပုံနဲ့ တောင်ပြို စတဲ့ မြို့ ခုနစ်မြို့ကို သိမ်းယူထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။