အေအေအဖွဲ့နဲ့ ဆက်နွှယ်ပြီး ပုဏ္ဏားကျွန်းဒေသခံနှစ်ဦး ထောင်သုံးနှစ်စီ ချမှတ်ခံရ
2022.07.21
ရက္ခိုင့်တပ်တော် (AA) နဲ့ ဆက်စပ်တယ်ဆိုပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့ ဖမ်းဆီး တရားစွဲခံထားရတဲ့ ပုဏ္ဏားကျွန်းမြို့နယ် အိုင်ဒင်ကျေးရွာသားနှစ်ဦးကို ဇူလိုင်လ ၂၀ ရက် မနေ့က စစ်တွေခရိုင် တရားရုံးကနေ ထောင်ဒဏ် သုံးနှစ် ချမှတ်လိုက်တယ်လို့ အကျိုးဆောင်ရှေ့နေက RFA ကို ပြောပါတယ်။
အိုင်ဒင်ကျေးရွာသား ဦးမောင်စောအေးနဲ့ ဦးနေလင်းဌေးတို့ဟာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ - ၅၂ (က) နဲ့ ထောင်ဒဏ်ချမှတ်ခံလိုက်ရတာ ဖြစ်တယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွန့်မောင်က ပြောပါ တယ်။
“သူတို့ကို တရားစွဲထားတာက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (က)၊ ၅၀ (ည) တို့နဲ့ တရားစွဲထားတာ။ တရားသူကြီးက ၅၂ (က) အတွက် သုံးနှစ်ချလိုက်တာပေါ့။ ၅၀ (ည) နဲ့ ချမယ်ဆိုရင် ထောင်ဒဏ် ၁၀ နှစ်အထိ ကျသွားနိုင်တယ်။ သူတို့ကို ဖမ်းဆီးထားတာက ၂၀၂၀ ခုနှစ် သုံးလပိုင်းကတည်းက ဖမ်းထားတာဆိုတော့ ဒီနေ့အထိ ချုပ်ရက်တွေကိုပါ ထုတ်နုတ်မယ်ဆိုရင် ခုနစ်လလောက်ဆိုရင်တော့ ပြန်လွတ်ပါပြီ”
သူတို့နှစ်ဦးဟာ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် မတ်လ ၅ ရက်နေ့က စစ်တွေမြို့နယ်ကနေ ပုဏ္ဏားကျွန်း မြို့နယ်ကိုအပြန် ကျောက်တန်းကျေးရွာအနီးက စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံခဲ့ ရတာပါ။
သူတို့ကို စစ်တွေမြို့နယ် အမှတ် - ၉၀၈ အင်ဂျင်နီယာတပ်ရင်းက ဗိုလ်ကြီး အောင်ဖြိုးမြင့်က တရားလိုလုပ်ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ - ၅၀ (ည)၊ ၅၂ (က) တို့နဲ့ တရားစွဲဆို ခဲ့ပြီးနောက် အချိန်နှစ်နှစ် ကျော်အကြာမှာ အခုလို ထောင်ဒဏ်ချမှတ်ခံရတာပါ။
ပြီးခဲ့တဲ့ ဇူလိုင်လ ၆ ရက်နေ့ကလည်း ရက္ခိုင့်တပ်တော် (AA) နဲ့ ဆက်စပ်တယ်ဆိုပြီး စစ်ရေယာဉ် ပေါ်မှာ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရတဲ့ ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာက ဒေသခံ ငါးဦးဟာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ - ၅၂ (က) နဲ့ ထောင်ဒဏ် သုံးနှစ်စီ ချမှတ်ခံထားရ ပါတယ်။
ရခိုင်ပြည်နယ်နဲ့ ရန်ကုန်၊ မန္တလေးမြို့တွေမှာ ရက္ခိုင့်တပ်တော် (AA) နဲ့ ဆက်စပ်တယ်ဆိုပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မတွေနဲ့ ထောင်ဒဏ်ချမှတ်ခံရသူ ၂၂ ဦးအထိရှိနေပြီး နောက်ထပ် လူ ၅၀ ကတော့ တရားရုံးအသီးသီးမှာ ဆက်လက်တရားရင်ဆိုင်နေကြရတယ်လို့ ရခိုင်အရပ်ဘက်အဖွဲ့တွေက ပြောဆိုထားပါတယ်။